ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၈ ရက်

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကြောင့် အရပ်သား ၂ သန်းနီးပါး အိုးအိမ်စွန့်ခွာခဲ့ရပြီး ပြီးခဲ့တဲ့လအတွင်း စစ်ဘေးရှောင် ၄၀၀၀၀ ရှိခဲ့တာကြောင့် စားနပ်ရိက္ခာနဲ့ အခြားအကူအညီတွေ ပံ့ပိုးကူညီကြဖို့ ကုလသမဂ္ဂ လူသား ချင်းစာနာမှုအေဂျင်စီက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရှိ စစ်ဘေးရှောင် ၁ ဒသမ ၉ သန်းကျော်အနက် ၈၀၀၀၀၀ ခန့်မှာ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြစ်တယ်လို့ UNOCHA က ဇူလိုင်လ ၁၅ ရက်မှာ အစီရင်ခံစာတစ်ခုအတွင်း ပြောကြားပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီးအများအပြားမှာ လူသားချင်းစာနာမှု အကူအညီပေးမှုအပေါ် ကန့်သတ်တာ တွေက ဘေးသင့်အသိုင်းအဝိုင်းတွေထံ အချိန်မီ လုံလောက်တဲ့ အကူအညီပေးပို့မှုကို ထပ်မံပြီး ကြန့်ကြာစေတယ် လို့ အစီရင်ခံစာက ဆိုပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မိုချာ တိုက်ခတ်ပြီးနောက် မိသားစုပေါင်းများစွာဟာ စားဝတ်နေရေးအတွက် ရုန်း ကန်နေရတာကြောင့် လူသားချင်းစာနာမှုအကူအညီ အရေးပေါ် လိုအပ်နေဆဲဖြစ်တယ်လို့ UNOCHA က ပြောပါ တယ်။

“ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှုကူညီသူတွေဟာ သူတို့ရဲ့ ပုံမှန်အစီအစဉ်တွေကို ပြန်လည်စတင် နိုင်ပြီဖြစ်ပေမယ့် စစ်ကောင်စီက ဆိုင်ကလုန်းမုန်တိုင်း တုံ့ပြန်ရေးအစီအစဉ်ကို ကန့်သတ်ထားဆဲဖြစ်ပါတယ်” လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်း စစ်ကောင်စီအာဏာပိုင်တွေက လူသားချင်းစာနာမှုအကူအညီပေးတာကို ကန့်သတ် နေပြီး တိုင်းပြည်အရှေ့တောင်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ အခြေအနေက ပိုဆိုးလာတယ်လို့ ထုတ်ပြန်ချက်က ဆိုပါ တယ်။

စစ်တပ်အာဏာပိုင်တွေက လူသားချင်းစာနာမှုအကူအညီ ပေးအပ်မှုကို ကန့်သတ်တာကြောင့် စစ်ကိုင်း တိုင်းဒေသကြီး၊ ချင်းနဲ့ ကယားပြည်နယ်မှာ စားနပ်ရိက္ခာပြတ်လပ်မှုတွေ ပိုဆိုးလာတယ်လို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။

မြန်မာနိုင်ငံရှိ မြို့နယ် ၃၃၀ အနက် ၂၅၅ မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ကုလ သမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးရုံးက မတ်လ ၃ ရက်မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၁ ရက်က ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းမှာ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်ဆိုင်းဖို့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံ ရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီပေးအပ်တာကို မပိတ် ပင်ဖို့ တောင်းဆိုခဲ့ပါတယ်။

ကိုးကား – RFA
Ref; In Myanmar, nearly 2 million people have been displaced by civil war, UN says

#Ayeyarwaddy_Times