ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၈ ရက်

အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့ကို ထောက်ခံခြင်းမရှိသည့် ပြည်သူများကို ပုဒ်မအမျိုးမျိုးတပ်၍ မတရားဖမ်းဆီးခဲ့သလို စစ်ကောင်စီ၏ ဖမ်းဆီးအရေးယူခြင်း ခံထားရသည့် နိုင်ငံတဝန်းရှိ အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်း သားများကိုလည်း ဥပဒေမဲ့ လက်လွတ်စပယ် ပြောင်ပြောင်တင်းတင်း သတ်ဖြတ်လာခဲ့သည်။

စစ်ကောင်စီသည် အကျဉ်းထောင်အသီးသီးရှိ နိုင်ငံရေး အကျဉ်းသားများကို အကြောင်း အမျိုးမျိုးပြ၍ ဥပဒေမဲ့ သတ်ဖြတ်နေမှုအပေါ် ကာယကံရှင်မိသားစုဝင်၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-AAPP၊ နိုင်ငံရေးအကျဥ်း သားဟောင်း များအဖွဲ့၊ ဥပဒေပညာရှင်နှင့် နိုင်ငံရေးလေ့လာသူတို့က မည်သို့ရှုမြင်သည်ကို ဧရာ၀တီ တိုင်းမ်သတင်းဌာန အကြီးတန်း သတင်းထောက် နိုင်မင်းလွင်က ဆက်သွယ်မေးမြန်း ထားပါသည်။

ဦးထွန်းကြည် (နိုင်ငံရေးအကျဥ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင်)

နိုင်ငံရေးအကျဉ်းသားတွေအပေါ် အကြောင်းအမျိုးမျိုးပြပြီးတော့ သတ်ဖြတ်‌နေမှုအပေါ် အစွန်းရောက် အကြမ်း ဖက် စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ် ပြင်းပြင်း ထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ မှတ်ချက်ပြုချင်ပါတယ်။ နောက်တစ်ခုက နိုင်ငံရေး အကျဉ်း သားတွေရဲ့ အခြေအနေဟာ ထောင်ထဲမှာတောင်မှ မလုံခြုံတဲ့အပြင် အခုထပ်ပြီးတော့ အပြင်ခေါ်ထုတ်ပြီးတော့ ရက်စက်ကြမ်းကြုတ်စွာ အကြောင်းအမျိုးမျိုးပြပြီးတော့ ပစ်သတ်နေခြင်း၊ အကြမ်းဖက်ဖိနှိပ် ညှင်းပန်းနှိပ်စက်နေခြင်း၊ အကြမ်းဖက် သတ်ဖြတ်နေ‌တဲ့ လုပ်ရပ်တွေဟာ ရာဇဝတ်မှုမြောက်ပါတယ်။

သူတို့ရဲ့ လုပ်ရပ်တွေဟာ ဘယ်လောက်တောင်အခြေအ‌နေ ဆိုးလာပြီလည်းဆိုရင် နံပတ်တစ် စစ်ရာဇဝတ်မှု၊ နံပတ်နှစ်က လူသားမျိုးနွယ်တွေအပေါ်မှာ ဆန့်ကျင် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့အဆင့်ကို ဖြစ်လာတယ်။ နိုင်ငံရေးအကျဉ်းသားတွေအ‌ပေါ်မှာ အကြမ်းဖက် ဖိနှိပ်နေတာတွေ၊ အကြမ်းဖက် သတ်ဖြတ်နေတာတွေကို အမြန်ဆုံးရပ်တန့်ဖို့ ဆိုတဲ့နေရာမှာ NUG အနေနဲ့ နိုင်ငံတကာ အစိုးရတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်ဖို့လိုပါတယ်။ နောက် ဒီကိစ္စတွကို ရပ်တန့်သွားအောင် ကုလသမဂ္ဂကို ပိုပြီးတော့ အမြန်ဆုံး အာရုံစိုက် လာအောင် ပိုပြီးတော့ ထိရောက်သော၊ လက်တွေ့ ကျသော အပြစ်ပေး အရေးယူမှုတွေအတွက်ကို နိုင်ငံတကာနဲ့ အမြန်ဆုံး ပူးပါင်း ဆောင်ရွက်ပေးဖို့လိုပါတယ်။ NUG ကို ဒီနေရာကနေ တိုက်တွန်း တောင်းဆို အကြံပြုချင်ပါတယ်။

=======================

စောဘဦးလေး (တရားလွှတ်တော်ရှေ့နေ ၊မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ရှေ့နေများ သမဂ္ဂအဖွဲ့ချုပ်-NPLUF)

စစ်တပ်ကရေးတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပဲ ဖောက်ဖျက်ပြီးတော့ အာဏာသိမ်းခဲ့တဲ့ စစ်တပ်သည် ဒီကနေ့ လူသတ်နေတဲ့ အလုပ်တွေ အကုန်လုံးက ဥပဒေမဲ့ သတ်ဖြတ်ခြင်းသာ ဖြစ်တယ်လို့ ဒါကိုတော့ ဒီလောက်ပဲ ကျွန်တော် ဖြေချင်ပါတယ်။

=============

ထောင်ပြောင်းမည်ဟုဆိုကာ သတ်ဖြတ်ခံခဲ့ရသည့် နိုင်ငံရေးအကျဥ်းသားတစ်ဦး၏ မိသားစုဝင်

ဘယ်လိုမှလည်း မြင်လို့ မရဘူးလေ။ သူတို့(စစ်ကောင်စီ)က သူတို့လုပ်ချင်သလို လုပ်သွားတာပဲ။ ကိုယ့်ယောကျ်ားတစ်ယောက်လုံး သေသွားတာ ခံစားရတာပေါ့။ သူတို့က ဒီလိုလုပ်ဖို့အတွက်ပဲလေ။ ထွက်ပြေးတဲ့အတွက် ဒီလိုသတ်ဖြတ်လိုက်တယ်။ ခြောက်လှန့် ပြီး ပစ်တာမှာ သေသွားတယ်ဆိုတော့ အစ်မတို့လည်း သူတို့(စစ်ကောင်စီ) ပြောတဲ့ အတိုင်းပဲ ဘာမှမလုပ်ပေးနိုင်ဘူး။ ဘာမှလည်း ပြောလို့မရ ဘူး။

===============

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-AAPP မှ တာဝန်ရှိသူတစ်ဦး

စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းထောင်တွေထဲကနေ ထုတ်ပြီးတော့ အပြင်မှာ သတ်ဖြစ်တဲ့ကိစ္စတွေကို ၂၀၂၃ ထဲမှာ တောက်လျှောက်ကြားလာရတယ်။ အခုဒိုက်ဦးထောင်ဖြစ်စဉ်ကတော့ တကယ့်အထင်ကရဖြစ်တယ်။ ဒီလိုမျိုးတွေ ဘာ ကြောင့် ဒီကောင်တွေ(စစ်ကောင်စီ) လုပ်နေလဲဆိုတဲ့ အခါ ကျတော့ စစ်အုပ်စုက အဘက်ဘက်မှာ ကျရှုံးနေပြီ။ ပြည်သူတွေက သူတို့ကို ထောက်ခံလား ဆိုတော့လည်း ပြည်သူတွေက နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက်ပဲ ပူးပေါင်းပါဝင်ပြီးတော့ စစ်အုပ်စုကို တွန်းလှန်နေကြတယ်။ စစ်ရေးကို ကြည့်မယ်ဆိုရင်လည်း ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ လေကြောင်းကနေမှ မကူပေးရင် ဘယ်တိုက်ပွဲကိုမှ သူတို့ မဆင်နွှဲ နိုင်တာမို့ ကျရှုံးခန်းကို ရောက်နေပြီ။ နိုင်ငံတကာ စာမျက်နှာကို ကြည့်မယ်ဆိုရင်လည်း စစ်အုပ်စုကို ထောက်ခံ တာသည် လက်ချိုးရေရင် လက်တစ်ဖက်တောင် ပြည့်မှာ မဟုတ်တဲ့ အနေအထားမျိုး ဖြစ်လာပြီ။

အဖက်ဖက်ကနေ ကျရှုံးခန်း ရောက်လာတဲ့အခါမှာ သူတို့က ရှုံးမဲမဲပြီးတော့ သူတို့လက်ထဲမှာ ရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဓားစာခံအဖြစ် သတ်ဖြတ်တာတွေ ကြုံလာရတာ။ ဒီဖြစ်ရပ်တွေက ဘာနဲ့အလားသဏ္ဍာန် တူနေသလဲ ဆိုရင်တော့ ဒုတိယကမ္ဘာစစ်တုန်းက ဖက်ဆစ်နာဇီတွေက ဂျူးလူမျိုး သုံ့ပန်းတွေကို ဖမ်း ထားရာကနေပြီးတော့ အပြင်ထုတ်ပြီးတော့ ပစ်သတ်တယ်။ နောက်အခန်းတစ်ခန်းထဲမှာ စုထည့်ပြီးတော့ အဆိပ်ငွေ့တွေ လွှတ်ပြီးတော့ သတ်တာမျိုးတွေနဲ့ အလားဏ္ဉာန် တူလာတယ်။ ဒုတိယကမ္ဘာစစ်တုန်းက လုပ်ခဲ့တဲ့ လုပ်ရပ်မျိုးတွေက အခု ၂၁ ရာစုမှာ လာပြီးတော့ ကြုံနေရတာဖြစ်တယ်။

အခုလိုမျိုး ကျဆုံးသွားတဲ့ ကျွန်တော်တို့ ရဲ ဘော်တွေ၊ မတရားညှင်းပန်း နှိပ်စက်ခံနေရ တဲ့သူတွေ ပုံစံမျိုးစုံနဲ့ အသက်တွေ၊ ဘဝတွေ၊ ပစ္စည်းဥစ္စာတွေ ပေးဆပ်လိုက်ရတဲ့သူတွေရဲ့ ပေးဆပ်မှုတွေက အလဟဿ မဖြစ်စေရပါဘူး။ အခုလိုမျိုး လုပ်ရပ်တွေမှာ ကျူးလွန် နေတဲ့သူတွေ၊ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကျူးလွန်တဲ့ သူတွေ၊ အမိန့်ပေးစေ ခိုင်းတဲ့သူတွေ၊ အားပေးကူညီတဲ့သူတွေ အားလုံးဟာ တစ်ချိန်မှာ ထိုက်တန်တဲ့ အပြစ်ပေး အရေးယူခံရမှာ လုံးဝအသေအချာဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံမှာ အာဏာရှင် အဆက်ဆက် ဒီလိုမျိုး မတရားမှုတွေကို ကျူးလွန်တဲ့ အာဏာရှင်တွေက ဘယ်တုန်းအခါမှ အပြစ်ပေး အရေးယူတာ မခံရဘူး။ ဒီလိုမျိုး အပြစ်ပေး အရေးယူခြင်း မခံရတဲ့ ဓလေ့ကြီးကို ဒီနွေဦးတော်လှန်ရေးက အပြီးတိုင် လုံးဝတိုက်ဖျက်သွားမှာ ဖြစ်တယ်လို့ ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်။

===========================

ဦးဇော်ရန်း (တောင်သူလယ်သမားအကျိုးဆောင်)

စစ်ကောင်စီက အခု နိုင်ငံရးအကျဉ်းသားတွေကို တောက်လျှောက်သတ်လာတာပေါ့နော်။ နောက်ဆုံးအခု အာဏာသိမ်းပြီးနောက်ပိုင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို ပျောက်ချင် တဲ့အတွက် ခေတ်ကိုပြောင်းချင်ရင် ခေါင်းကိုပစ်ဆိုပြီးတော့ အဲဒီလို လူမြင်ကွင်းမှာ သတ်ဖြတ်တာကနေ နောက်တစ်ခါကျတော့ ညဖမ်းဆီးပြီး မနက်သတ်ပစ်တာလုပ်တယ်။ ကိုဂျင်မီတို့ကို ကျတော့ တစ်ခါတည်းကို ဗြောင်သေဒဏ်ပေးပစ်တယ်။ အခုနောက်ဆုံး အခြေအနေမှာကျတော့ နိုင်ငံရးအကျဉ်းသားတွေ ငယ်ငယ်လေးတွေ တကယ့် ကလေး၊ ကျောင်းသားလေးတွေကို တစ်ခါတည်း ထောင်ထဲကနေ ဆွဲထုတ်ပြီးတော့ ရိုက်သတ်၊ အမျိုးမျိုးသတ်ပြီးတော့ လက်နက်လုထွက်ပြေးတာလိုလို၊ ကားမှောက်လို့လိုလို၊ နောက် စစ်ကြောရေးလုပ်တုန်း ခုခံလို့ဆိုပြီး သတ်ပစ်တယ်။

အဓိကရည်ရွယ်ချက်က ငါတို့ဘယ်တော့မှ အာဏာကို မစွန့်လွှတ်ဘူး၊ ငါတို့ပေးတဲ့ အတိုင်းပဲရမယ်။ ငါတို့ဟာကို နှောင့်ယှက်လို့ရှိရင်တော့ တို့ဘက်ကတော့ လျော့စရာအကြောင်းမရှိဘူး။ မင်းတို့ကို အပြတ်ရှင်းမယ်ဆို တဲ့ဟာကို သူတို့ ကိုင်စွဲထားတာပဲ။ နောက်တစ်ခုက ဘာလည်းဆိုတော့ ဒီကောင်တွေ မာနေလို့၊ ဒီကောင် တွေရှိနေလို့၊ ဒီနိုင်ငံရေးသမားတွေရှိနေလို့၊ ဒီကျောင်းသားတွေရှိနေလို့ သူတို့ကို မနှိမ်နှင်းနိုင်ရင် လူထုကလည်း သူတို့ဘက်က ပါပြီး‌တော့ ငါတို့သွားချင်တဲ့လမ်းကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပဒေနဲ့ ငါတို့လုပ်ချင်တဲ့လမ်းကြောင်းတွေ ၂၀၀၈ လည်း ပျက်မယ်၊ ငါတို့လည်းပျက်မယ်၊ ငါတို့ရှေ့က လူတွေလည်း ပျက်မယ်။ အဲ့တော့ ငါတို့က သူတို့ကို အပြတ်ရှင်းမှ သူတို့ကို အပြတ်ရှင်းနိုင်မှသာလျှင် သူတို့နောက်ကရပ်နေတဲ့ ပြည်သူက စိတ်ဓါတ်ကျပြီးတော့ ငါတို့ရဲ့ လုပ်ငန်းစဉ်ကြီး အောင်မြင်မယ်ဆိုပြီး‌တော့ သွေးရူးသွေးတန်းနဲ့ တဇောက်ကန်းစိတ်ဓာတ်နဲ့ လုပ်နေတဲ့ရည်ရွယ်ချက်ပဲ။

#စစ်ကောင်စီ #နိုင်ငံရေးအကျဉ်းသားများ #အကြောင်းအမျိုးမျိုးပြသတ်ဖြတ် #VoxPop #Ayeyarwaddy_Times