ဧရာဝတီတိုင်းမ်
(ကြာအင်းဆိပ်ကြီး)၊ ဇူလိုင်လ ၁၈ ရက်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဇူလိုင်လ ၁၁ ရက်နေ့မှ စတင်ပြီး ဇူလိုင်လ ၁၆ ရက်နေ့အထိ ၆ ရက်တာအတွင်း စစ်ကောင်စီတပ် ခုတ်ခွားစခန်းနှင့် တပ်ကူလာသည့်စစ်ကြောင်း၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံးများကို တော်လှန်ရေးတပ်ဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း အထူး စစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ထံက သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များသည် ကြာအင်းဆိပ်ကြီးရှိ ဌာနဆိုင်ရာရုံးများအပါအဝင် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၅၅၈ ဒုတပ်ရင်းမှူးဦးစီးကာ အခြေပြုနေသည့် ခုတ်ခွါးစစ်စခန်းနှင့် အဆိုပါစခန်းကို စစ်ကူ လာသည့် ခမရ-၅၅၈ တပ်ရင်းမှူးဦးစီး စစ်ကြောင်း၊ ခမရ-၄၃၂ တပ်ရင်းမှ စစ်ကြောင်းတို့ကို ဒရုန်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါး ဦးသေဆုံးပြီး ၁၀ဦးနှင့်အထက် ဒဏ်ရာရ ခဲ့ကြောင်း သိရသည်။

“ခုတ်ခွားစခန်းနဲ့မနီးမဝေးကရွာမှာ စစ်ကောင်စီက စစ်သားအလောင်း ငါးလောင်း ကိုမြှုပ်ခဲ့တယ်။ ခုတ်ခွားစခန်းမှာက စစ်ကောင်စီတပ်အင်အားကအမြဲရှိတယ်။ အဲ့ဒီကို အင်အားခဏခဏဖြည့်ပြီး ကြာအင်းဆိပ်ကြီးကို လူအင်အားလာဖြည့်တယ်။ လူအင်အား၊ လက်နက်အင်အားလာဖြည့်တဲ့ စစ်ကြောင်းနဲ့အပြန်အလှန်တိုက်ပွဲအပြီးမှာ စစ်ကောင်စီ က ခုတ်ခွားရွာနားကို လေယာဉ်နဲ့လာပစ်တာရှိတယ်။ စစ်ကောင်စီက ပြန်ဆုတ်သွားတဲ့ အချိန်မှာ ရွာသားတစ်ဦးကိုလည်းဖမ်းသွားတယ်။ ရွာသားကတော့ခုထိပြန်လွတ်တာ မရှိသေးဘူး” ဟု S.O.F တပ်ဖွဲ့တာဝန်ရှိသူ ကိုအောင်စံရှားက ဧရာဝတီတိုင်မ်းကို ပြောသည်။

တိုက်ခိုက်မှုများကြောင့် ခုတ်ခွားစစ်စခန်းအပါအဝင် ကြာအင်းဆိပ်ကြီးမြို့‌ပေါ် ရှိ မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံးတို့ ကြေမွပျက်ဆီးသွားကြောင်း သိရပြီး စစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ ၆၀-မမ၊ ၈၁-မမ၊ ၁၂၀-မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းလည်း သိရသည်။

“ရုံးတွေက ကြာအင်းဆိပ်ကြီးမြို့‌ပေါ်ကရုံးတွေပါ။ အရင်တစ်ခေါက်က ဝင်ရောက် တိုက်ခိုက်ပြီးနောက်မှာ သူတို့ရုံးလုပ်ငန်းတွေရပ်ထားရတာ။ အခုက ကျွန်တော်တို့ သိရသလောက်က သူတို့ဘက်က ရုံးတွေကိုပြန်လာပြင်ဆင်တယ်ဆိုတာ သိရလို့ ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာပါ” ဟု ကိုအောင်စံရှားက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F၊ Cloud Wings ဒရုန်းတပ်ဖွဲ့နှင့် Federal Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ရဲဘော်တစ်ဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ မကြာခဏထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ ခလယ်တံခွန်တိုင်ရဲစခန်းကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ တပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F ထံက သိရသည်။

ဓာတ်ပုံ – အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F
#ကြာအင်းဆိပ်ကြီး #ဌာနဆိုင်ရာ #ရဲစခန်း #ခုတ်ခွားစစ်စခန်း #တိုက်ခိုက်ခံရ #စစ်ကောင်စီတပ် #Ayeyarwaddy_Times