ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၈ ရက်

အမေရိကန်နိုင်ငံအနေနဲ့ လုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဘယ်လို မိုက်မဲတဲ့အပြုအမူမျိုးကိုမဆို ရှောင်ကြည်သင့်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျောင်က ပြောကြားခဲ့ ပြီး ဆွေးနွေးဖို့ကမ်းလှမ်းချက်တွေကို ပရိယာယ်တစ်ခုအဖြစ် ပယ်ချလိုက်တယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။

မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှာကို အမေရိကန်နိုင်ငံက စိုးရိမ်မိတယ် လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလေဗန်က မှတ်ချက်ပြုပြီးနောက် ကင်ယိုဂျောင်က အခု လို ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်မတို့ကို ရန်စမှုတွေပြုလုပ်ခြင်းအားဖြင့် လုံခြုံရေးအန္တရာယ်ဖြစ်စေနိုင်တဲ့ မိုက်မဲတဲ့ အပြုအမူတွေ ပြုလုပ်တာကို အမေရိကန်နိုင်ငံက ရပ်တန့်သင့်ပါပြီ” လို့ ကင်ယိုဂျောင်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါ တယ်။

တောင်ကိုရီးယားသို့ နျူကလီးယားပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောတစ်စင်း စေလွှတ် မယ့် အမေရိကန်နိုင်ငံရဲ့ အစီအစဉ်တွေကို ကင်ယိုဂျောင်က ဝေဖန်လိုက်ပြီး အဲလိုလုပ်ရပ်ကြောင့် ပြုံယမ်းက စေ့ စပ်ညှိနှိုင်းရေး စားပွဲဝိုင်းသို့ရောက်ရှိဖို့ ပိုမို ခက်ခဲသွားပြီလို့ ဆိုပါတယ်။

ချွင်းချက်မရှိ တွေ့ဆုံဆွေးနွေးဖို့ အမေရိကန်နိုင်ငံရဲ့ တောင်းဆိုချက်က ကင်ယိုဂျောင်က ပယ်ချခဲ့ပြီး မြောက်ကိုရီးယားရဲ့ လက်နက်ဖျက်သိမ်းဖို့က ဖြစ်နိုင်စွမ်းရှိတယ်လို့ ယုံကြည်ရင် အမေရိကန်က မှားသွားမယ်လို့ ပြောပါတယ်။

“ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ၊ မဟာဗျူဟာမြောက် စစ်လက်နက်တွေဖြန့်ကြက်တာ ယာယီ ရပ်တန့်ပြီး ဒဏ်ခတ်အရေးယူမှုတွေ ဖြေလျှော့ခြင်းအားဖြင့် မြောက်ကိုရီးယားနိုင်ငံရဲ့ ခေတ်မီစစ်လက်နက်တွေ ထုတ်လုပ်မှု ကို ရပ်ဆိုင်းနိုင်မယ်လို့ အမေရိကန်နိုင်ငံက ထင်မြင်နေရင် မှားသွားပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ မကြာသေးမီက အထူးသီးသန့် စီးပွားရေးဇုန်အတွင်း အမေရိကန်သူလျှိုလေ ယာဉ်တွေ ပျံသန်းခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

အမေရိကန် နျူစွမ်းအင်သုံး ခရုစ်ဒုံးတပ်ရေငုပ်သင်္ဘောတစ်စင်း မကြာသေးမီက တောင်ကိုရီးယားနိုင်ငံသို့ လာရောက်တာကို မြောက်ကိုရီးယားနိုင်ငံက ရှုတ်ချခဲ့ပြီး ပြတ်ပြတ်သားသား အရေးယူဖို့ ကတိပြုခဲ့ပါတယ်။

ကိုးကား – Reuters
Ref; North Korea leader’s sister Kim Yo Jong says US should stop ‘foolish act’ that jeopardises its stability

#Ayeyarwaddy_Times