စီဒီအမ် ဆရာဝန်တစ်ဦး/ဧရာ၀တီတိုင်းမ်
ဇူလိုင် ၁၇ ရက်

လတ်တလော ကလေးများအကြားတွင် အသက်ရှုလမ်းကြောင်းနှင့် အဆုတ်ဆိုင်ရာ ရောဂါတွေ ခပ်စိပ်စိပ်ကြားလာရတော့ ARI လို့ခေါ်တဲ့ အသက်ရှုလမ်းကြောင်းမှာ ပိုးဝင်ခြင်း‌အတွက် သက်ဆိုင်တဲ့ ရာသီတုပ်ကွေးအကြောင်းကို သိထားကြစေလိုပါတယ်။

ရာသီတုပ်ကွေးဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာမို့ အဖြစ်များပြီး ကူးစက်လွယ်တဲ့ ရောဂါဖြစ်ပါတယ်။ ဗိုင်းရပ်ပိုး ပါဝင်နေတဲ့ လေထဲမှ အမှုန်အမွှားတွေကို ထိတွေ့ ရှုရှိုက်မိတဲ့အခါ ကူးစက် ပျံ့နှံ့ပါတယ်။ အချိန်အခါရာသီအလိုက် ကူးစက် ရောဂါအသွင် ဖြစ်ပွားတတ်ပါတယ်။

ရာသီတုပ်ကွေးကြောင့် ရုတ်တရက် ကိုယ်ပူလာပြီး ဖျားပါမယ်။ ပုံမှန်တုပ်ကွေးရောဂါဆိုပေမယ့် မပေါ့ဆ သင့်ပါဘူး။ အဆုတ်အပါအဝင်အသက်ရှူအင်္ဂါတွေ ထိခိုက်ပျက်စီးလို့ နှစ်စဉ်နှစ်တိုင်း အသေအပျောက်ရှိတဲ့ရောဂါဖြစ်ပါတယ်။ မွေးကင်းစကလေးငယ်များနှင့် သက်ကြီး ရွယ်အိုများ ရောဂါကူးစက်လျှင်စိုးရိမ်ရပါတယ်။ အရွယ်ရောက်တုပ်ကွေးမိ ဖျားနာတဲ့ အခါ ကိုက်ခဲနာကျင် အားအင်ချိနဲ့ ပင်ပန်းတာတွေကြောင့် အလုပ်မှအနားယူရတာ ကျောင်းမှ အနားယူရတာတွေ လုပ်ရပါမယ်။

#ရောဂါလက္ခဏာ

တုပ်ကွေးမိတဲ့အခါ ရောဂါလက္ခဏာပေါင်းစုံနဲ့လာတတ်ပါတယ်။
-ဖျားခြင်းသို့မဟုတ်ကိုယ်ပူခြင်း
-လည်ချောင်းယားခြင်း လည်ချောင်းနာခြင်း
-တစ်ကိုယ်လုံးကြွက်သားများနာကျင်ကိုက်ခဲခြင်း
-မျက်ရိုးကိုက်ခြင်းခေါင်းကိုက်ခြင်း
-နှာ‌စေးနှာရည်ယိုခြင်း
-မောပန်းလွယ်ခြင်းအားနည်းခြင်း
-ချောင်းဆိုးခြင်းသလိပ်ထွက်ခြင်း
-ရင်တုန်ခြင်း
-မျက်စိနီခြင်းမျက်ရည်ပူကျခြင်း
စတာတွေကို ခံစားရပါတယ်။

တုပ်ကွေးရောဂါ ကူးစက်သွားပါက လေးရက်အတွင်း ရောဂါလက္ခဏာပြပါမယ်။ ဒါကြောင့် ရောဂါလက္ခဏာ မပေါ်သေးမီမှာကတည်းက အချင်းချင်းကူးစက်တတ် ကြောင်း သတိထားပြီး တုပ်ကွေးရာသီမှာ ကျန်းမာရေးဂရုပြုနေထိုင်ရပါမယ်။

#အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာများ

ရာသီတုပ်ကွေးကြောင့် ချောင်းဆိုးတဲ့အခါ အသက်ရှူလမ်းကြောင်းတစ်ခုလုံး နာကျင် တတ်ပါတယ်။ ရင်ခေါင်းနာကျင်တာ၊ လည်ချောင်းဆိုးဆိုးရွားရွားနာကျင်တာ၊ ဗက်တီး ရီးယားပိုးဝင်ပြီးသလိပ်တွေထွက်လာတာ၊ အဆုတ်ရောင်တာတွေအထိ ခံစားရနိုင် ပါတယ်။ ရင်ဘတ်အောင့်ခြင်း မောပန်းခြင်း အသက်ရှူမဝဖြစ်ခြင်းတွေကိုလည်း ခံစားရနိုင်ပါတယ်။

#ဖျားခြင်း
စစချင်း ကိုယ်ငွေ့ဖျား ခပ်နွေးနွေး (၁၀၀ဒီဂရီဖာရင်ဟိုက်) ဖြစ်နိုင်သော်လည်း တဖြေးဖြေး အဖျားကြီးလာနိုင်ပါပြီး ( ၁၀၄ ဒီဂရီဖာရင်ဟိုက်) ချမ်းတုန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

#လည်ချောင်းနာခြင်း
အဖျားဝင်ပြီး ၃ ရက်မှ ၅ ရက်အတွင်း လည်ချောင်းယားတာမျိုး ဖြစ်တတ်ပါတယ်။ သလိပ် မထွက်ဘဲ ချောင်းခြောက်ဆိုးခြင်းနဲ့ လည်းချောင်းနာခြင်းတွေ ဆက်ဖြစ် လာတတ် ပါတယ်။ ဆေးကု ဆေးသောက်ဖို့ လိုအပ်ပါတယ်။

#တစ်ကိုယ်လုံးကြွက်သားများနာကျင်ကိုက်ခဲခြင်း
မျက်ရိုးကိုက်ခြင်း၊ ခေါင်းကိုက်ခြင်းတွေက ခံရခက်တဲ့ တုပ်ကွေးမိ လက္ခဏာတွေပါ။ အလင်းရောင်ကြောက်ခြင်း၊ မျက်စိပူခြင်း၊ မျက်ခမ်းစပ်အတွင်း နာကျင်ခြင်းတွေကိုပါ ခံစားရတတ်ပါတယ်။
တုပ်ကွေးရောဂါ ဖြစ်ပွားစဉ်မှာ အားနည်းပင်ပန်းတတ် တာကြောင့် နေ့စဉ် အလုပ်များမလုပ်ဘဲ အိပ်ရာပေါ်မှာလဲလျောင်း အနားယူဖို့လည်းလိုအပ်ပါတယ်။

ဖျားနာတုပ်ကွေး မိပါက အစာမစားဘဲမနေပါနဲ့။ အာဟာရပြည့်ပြည့်ဝဖြစ်ရပါမယ်။ ကြေလွယ် သောအစာပျော့များ စားရပါမယ်။ အနားယူရပါမယ်။ အဖျား ၄ ရက် မှ ၇ ရက်အထိ ရောဂါခံစားရနိုင်ပါတယ်။

#ရာသီတုပ်ကွေးမကူးစက်စေရန်
ရာသီတုပ်ကွေးမကူးစက်စေရန်အတွက် ကာကွယ်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါ တယ်။ တစ်ကိုယ်ရည်သန့်ရှင်း‌ရေးကို ဂရုတစိုက်ထိန်းသိမ်းရပါမယ်။ လက်ကိုမကြာခဏ ဆေးပေးရမယ်။ ကိုယ်ခံအားတိုးမြှင့်ဖို့အတွက် အားကစားလိုက်စားမယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အာဟာရတွေကို စားသုံးပေးမယ် ဆိုရင် အကောင်းဆုံးပါပဲ။

တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေးလည်း ကြိုတင်ထိုးနှံထားလို့ရပါတယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ ကျန်းမာရေးစောင့်ရှောက်ပေးသူတွေက မဖြစ်မနေ ဆေးထိုးထားသင့်ပါတယ်။

တုပ်ကွေး ကာကွယ်ဆေးအဖြစ် Trivalent vaccine, Quadrivalent vaccines စတဲ့ ကာကွယ်ဆေး များရရှိနိုင်ပါတယ်။ ၂၀၂၃ ခုနှစ် မိုးရာသီအတွက် ဖြစ်ပေါ်နိုင်တဲ့ ရာသီတုပ်ကွေး ဗိုင်းရပ်စ် ကိုကြိုတင်ခန့်မှန်းပြီးကာကွယ် ဆေးထုတ်ဖော်ထားတာ ဖြစ်ပါ တယ်။

ကာကွယ်ဆေးထိုးထားပါက ရောဂါကြောင့်ဖြစ်လာမယ့် ဆိုးဆိုးဝါးဝါး ရောဂါလက္ခဏာ တွေကိုကာကွယ်ပေးပါတယ်။ နမိုးနီးယားလို့ခေါ်တဲ့ ရာသီတုပ်ကွေးရောဂါရဲ့ နောက် ဆက်တွဲ အဆုတ်ရောင်ရမ်းခြင်းကိုလည်း အဖြစ်နည်းစေပါတယ်။ ကာကွယ်ပေး ပါတယ်။ မိသားစု၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အနီးအနားမှာရှိတဲ့ လူများဆီမှ ကူးစက်ခြင်းကိုလည်း တားဆီး‌ပေးပါတယ်။

COVID-19 ရောဂါနဲ့ဆင်တူတဲ့ ရောဂါ လက္ခဏာတွေ ဖြစ်တဲ့ ကိုယ်ပူခြင်းချောင်းဆိုးခြင်း နှာရည်ယိုခြင်း ခေါင်းကိုက်ခြင်းတွေကို လျော့နည်းစေတာကြောင့် COVID 19 ရောဂါကူးစက်ခဲ့ပါက ကုသမှုအမှန် အမြန်ရစေပါတယ်။

ရာသီတုပ်ကွေးဆိုတာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာဖြစ်တဲ့ နှာခေါင်း ၊ လည်ပင်း နဲ့ အဆုတ်ကို ထိခိုက်စေပါတယ်။ အထူးသဖြင့် ကလေးငယ်တွေနဲ့ အသက်အရွယ်ကြီးရင့်သူတွေမှာ ပိုမိုထိခိုက်နိုင်တာကြောင့် ကြိုတင်ကာကွယ်မှုပြုလုပ်ခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းသည်သာ အကောင်းဆုံး ကာကွယ်မှု ဖြစ်ကြောင်းကို အသိပေး မျှဝေလိုက်ပါတယ်။

#ကူးစက်လွယ် #ရာသီတုပ်ကွေးရောဂါ #အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်း #ဆောင်းပါး #Ayeyarwaddy_Times