ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၇ ရက်
တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသည့် တိုက်ဖွန်းမုန်တိုင်း TALIM က ဟိုင်နန်ကျွန်းမြောက်ဘက်မှ ဗီယက်နမ် ပင်လယ်ကိုရွေ့လျားနေကာ ဇူလိုင် ၁၈ ရက်နေ့ ညနေပိုင်းတွင် ဗီယက်နမ်မြောက်ပိုင်းကိုဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ပြီး ယင်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင်မိုးရွာသွန်းမှုများနေမည်ဖြစ်ကြောင်း မိုးလေဝသပညာရပ်ကို လေ့လာနေသူ ဦးဝင်းနိုင်က ပြောသည်။
ထို့ပြင်ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းပင်လယ်ပြင်နှင့် ကုန်းတွင်း ( ဩရိဿပြည်နယ်၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ) တို့တွင် လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်ကြောင်း ဇူလိုင်လ ၁၇ ရက်နေ့တွင် အိန္ဒိယမိုးလေဝသဌာနထုတ်ပြန်ချက်အရသိရကြောင်း ၎င်းက ဆိုသည်။
အဆိုပါအခြေအနေများကြောင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် မိုးရွာသွန်းနိုင်မည့်အခြေအနေများဖြစ်ပေါ်နေပြီး အလယ်ပိုင်းမိုးနည်းရေရှားဒေသတချို့မှ အပ ကျန်တိုင်းနှင့်ပြည်နယ်များတွင်နေရာကွက်၍ မိုးများနိုင်ကြောင်း ၎င်းက ပြောကြားသည်။
“ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ မိုးပိုရမှာဖြစ်ပြီး ရှမ်းပြည်နယ်နဲ့ မွန် ကရင် တနင်္သာရီဒေသတွေမှာ မိုးပိုများပြီး ရေကြီးနိုင်မယ့်အန္တရာယ်တွေပိုဖြစ်နိုင်ပါတယ်” ဟု မိုးလေဝပညာရပ်ကိုလေ့လာနေသူ ဦးဝင်းနိုင်က ပြောကြားသည်။
ထို့ပြင်တောင်ကျချောင်းရေရုတ်တရုတ်ကျလာခြင်းအပါအဝင် စိုးရိမ်ရေမှတ်ရောက်ရှိနေသည့် မြစ်များမှ မြစ်ရေမြင့်တက်နိုင်သဖြင့် မြစ်ကမ်းနားနေထိုင်သူများသတိပြုရန်လိုအပ်ကြောင်း ဦးဝင်းနိုင်က ပြောသည်။
ယင်းပြင် ဇူလိုင် ၁၈ ရက်မှ ၂၀ ရက်ဝန်းကျင်းတွင် မြန်မာနိုင်ငံအရှေ့ခြမ်းဒေသ၊ အရှေ့တောင်ပိုင်းဒေသများတွင်း မိုးသည်းထန်ပြီး ရေကြီးနိုင်မည်ဖြစ်ပြီး အရှေ့ခြမ်းနှင့် အလယ်ပိုင်းဒေသတချို့တွင် ရုတ်တရက်ရေကြီးနိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရန်လိုအပ်ကြောင်း ၎င်းက သတိပေးပြောကြားသည်။
ဓာတ်ပုံ – ဦးဝင်းနိုင်
#တိုက်ဖွန်းမုန်တိုင်းTALIM #ဗီယက်နမ်ဖြတ် #မြန်မာနိုင်ငံမိုးပိုနိုင် #ရုတ်တရက်ရေကြီးနိုင် #အလယ်ပိုင်းဒေသမိုးရွာ
#Ayeyarwaddy_Times