ဧရာဝတီတိုင်းမ်
ပြည် ၊ ဇူလိုင်လ ၁၇ ရက်
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလတွင် မတရားဖျက်သိမ်းခံလိုက်ရသည့် ပြည်မြို့မှ မိုးမေတ္တာနာရေးကူညီမှုအသင်းပိုင် မော်တော်ယာဉ်များနှင့် နာရေးကူညီမှုလုပ်ငန်းသုံးပစ္စည်းများကို စစ်ကောင်စီကို ထောက်ခံသော အခြားအသင်းများမှ ခွဲဝေယူငင်သုံးစွဲနေကြောင်း သတင်းရရှိသည်။
မိုးမေတ္တာနာရေးကူညီမှုအသင်းသည် စစ်ကောင်စီက အာဏာသိမ်းပြီးမှုကို မကျေနပ်၍ ဆန္ဒပြသပိတ်မှောက်ကြသည့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းမှုကြောင့် ကျဆုံးခဲ့သော ကျောင်းသား နှစ်ဦး၏ နာရေးကို ဦးဆောင် ပြုလုပ်ခြင်းစသည့် စွပ်စွဲချက်များကြောင့် အသင်းဖျက်သိမ်းခံရပြီး အသင်းမြေနေရာ၊ မော်တော်ယာဉ်များနှင့် ဆက်စပ်ပစ္စည်းများကို ၂၀၂၁ ဧပြီ ၄ ရက်နေ့က သိမ်းဆည်းခံခဲ့ရသည်။
လက်ရှိကာလ၌ ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးက မိုးမေတ္တာလူမှုကူညီရေးအသင်းပိုင် ယာဉ်နှင့် ပစ္စည်းများကို အကူအညီလိုအပ်နေသည့် ၎င်းတို့အားထောက်ခံသော အသင်းများမှ လျှောက်လွှာတင်ကာ ရယူနိုင်ကြောင်း ပြောကြားမှုများရှိနေသည်ဟု ပြည်မြို့ခံတဦးက ပြောသည်။
“အသင်းဖျက်သိမ်းခံရတဲ့နေ့မှာပဲ အကောင်းဆုံးကားကို သဲကုန်း၊ သီတဂူကျောင်းက ယူသွားတယ်။ Alphard လေးစီးကိုတော့ စစ်ကောင်စီက သိမ်းသွားပြီး ဟိုင်းလတ်ကားက ဆံတော်မီးသတ်မှာ ရောက်နေတယ်။ ပြည်မြို့က ဒလန်တွေဦးဆောင်တဲ့အဖွဲ့တဖွဲ့က Super Custom ယူသွားတယ်။ ကျန်တဲ့ယာဉ်တွေကိုကျ ဆေးရုံထဲထိုးထားပြီး တန်ဖိုးကြီးပစ္စည်းတွေ ဖြုတ်ခိုးပြီး ရောင်းစားကြတယ်။ အခုက စစ်ကောင်စီ ထောက်ခံတဲ့အဖွဲ့တွေကို လိုချင်တာစာတင်ရင် ပေးမယ်လို့ ထွေအုပ်ကနေ ပြောနေတယ်” ဟု ထိုမြို့ခံက ပြောကြားခဲ့သည်။
ထို့အပြင် စစ်ကောင်စီသည် မနုဿမေတ္တာရှင်ကူအသင်းအား ၎င်းတို့ကျောထောက်နောက်ခံပြုအဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ရန်အတွက် မိုးမေတ္တာအသင်းမှပိုင်ဆိုင်သော ကျန်းမာရေးအထောက်အကူပစ္စည်းများ၊ မှန်အခေါင်း၊ စတီးဗန်း၊ အအေးခေါင်းစသည်တို့ ပေးအပ်လိုက်ကြောင်းလည်း သိရှိရသည်။
မိုးမေတ္တာလူမှုကူညီရေးအသင်း၏ ၂၀၂၁ ခုနှစ် မေလထုတ်ပြန်ချက်အရ အသင်းဖျက်သိမ်းခံရချိန်တွင် သူနာတင်ယာဉ် ခြောက် စီး၊ နိဗ္ဗာန်ယာဉ် ငါးစီး၊ အသင်းပိုင်အလှူငွေများ၊ ရုံးသုံးကွန်ပြူတာနှင့် စပ်ဆက်ပစ္စည်းများ၊ စီစီတီဗီနှင့် ဆက်စပ်ပစ္စည်းများ မတရားသိမ်းဆည်းခံခဲ့ရပြီး အသင်းရုံးအား စစ်ကောင်စီမှ ဝင်ရောက်စီးနင်းစဉ်ကလည်း အသင်းသားများပိုင် ဖုန်း ၁၀ လုံး၊ ကယ်ဆယ်ရေးအသုံးအဆောင်များနှင့် အခြားတန်ဖိုးရှိပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ပုံ – မိုးမေတ္တာနာရေးကူညီမှုအသင်း
#မတရားဖျက်သိမ်းခံရ #ပြည်မြို့မိုးမေတ္တာ #နာကူအသင်းပိုင် ယာဉ် #ပစ္စည်း #စစ်ကောင်စီ #ထောက်ခံသည့် #အသင်းများက ခွဲယူ #Ayeyarwaddy_Times