ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇူလိုင်လ ၁၇ ရက်
တနင်္သာရီ တိုင်း၊ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ မှ သရက်ချောင်းဘက်သို့ စစ်ကူသွားရန် ထွက်ခွာလာသည့် စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၃၀ ကျော်လိုက်ပါလာသည့် စက်လှေတစ်စီး ထားဝယ်မြစ်ဝတွင် နှစ်မြုပ်သွားခဲ့ပြီး လှေပေါ်တွင်ပါလာသူများ အားလုံး ပျောက်ဆုံးကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်နှင့် ပျူစောထီးများလိုက်ပါလာသည့် အဆိုပါ စက်လှေသည် ယမန်နေ့ ဇူလိုင်လ ၁၆ ရက် ည ၇နာရီခန့်က သပြေရှောင်ကျေးရွာနှင့် ရှင်မော်ကြားရှိ ထားဝယ် မြစ်ဝတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက စတင်၍ ဆက်တိုက် ရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။
“အခု နစ်မြုပ်သွားတဲ့လှေက လက်နက်ကြီးတွေ တပ်ဆင်ထားတဲ့လှေ။ စစ်ကူသွားဖို့ ရောက်လာတယ်ပေါ့။ မနေ့က တစ်နေ့လုံး မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတွေ တိုက်ခတ်လို့ အခုလိုနစ်မြုပ်သွားတာဖြစ်မယ်။ နောက် အခုလှေမြုပ်သွားတဲ့နေရာက ရေဝဲရှိတဲ့နေရာ။ လှေပေါ်မှာ ပါတဲ့သူအားလုံးလည်း ပျောက်နေတယ်”ဟု လောင်းလုံး မြို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယခုအခါတွင် စက်လှေ နစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသည့် စစ်ကောင်စီတပ်သား အလောင်းတချို့ ထားဝယ် မြစ်အတွင်းမှာ ပေါ်လာနေပြီဖြစ်ကြောင်း အဆိုပါ ဒေသခံထံက သိရသည်။
” အလောင်းတွေကတော့ အားလုံးမပေါ်လာသေးဘူး။ နှစ်ဆယ့်လေး နာရီမပြည့်သေးလို့ ထင်တယ်။ မနက်ဖြန်ဆိုရင်တော့ အားလုံးပေါ် လာလိမ့်မယ်ထင်တယ်” ဟု ဒေသခံ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်သားများသည် စက်လှေနစ်မြုပ်ခဲ့သည့် နေရာတွင် ကူညီ ကယ်ဆယ် ရှာဖွေမှုများ ပြုလုပ်နိုင်ရန် လောင်းလုံးမြို့ပေါ်ကနေ အောက်စီဂျင်ဘူး အများအပြားကို ကားများဖြင့် သယ်ယူခဲ့သည်။ ထိုသို့ယူဆောင်လာပြီးနောက် စစ်ကောင်စီတပ်သည် ကျေးရွာအတွင်းရှိ ရေကူး ကျွမ်းကျင်သော ဒေသခံအချို့ကို ဝိုင်းဝန်း၍ ရေငုပ်ရှာဖွေပေးရန် ပြောဆိုခဲ့သော်လည်း လိုက်ပါကူညီသူတစ်ယောက်မှ မရှိကြောင်း ဒေသခံက ဆက်လက်ပြောကြားသည်။
စစ်ကောင်စီတပ်မှ အင်အား ၇၀ ခန့်ပါ အဆိုပါ စက်လှေ အကြီးနှစ်စီးသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့ကတည်း ထားဝယ်ဘက်မှ သရက်ချောင်းဘက်သို့ စစ်ကူသွားရန် ရောက်ရှိနေသည့် စက်လှေများဖြစ်ပြီး မုန်တိုင်းအရှိန်ကြောင့် စက်လှေအကြီး နှစ်စီးအနက် တစ်စီးမှာ နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သားများသည် သကျက်တောရွာ စာသင်ကျောင်းတွင် တပ်စွဲထားပြီး အနီးအနားရှိကျေးရွာများကို စစ်ကြောင်းထိုးခြင်းများ ပြုလုပ်ရန် ရှိနေသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
#တနင်္သာရီတိုင်း #ထားဝယ်မြစ်၀ #စစ်ကောင်စီတပ်သား၃၀ကျော် #စက်လှေနစ်မြုပ် #အားလုံးပျောက်ဆုံး #အလောင်းတချို့ ဆယ်ယူရရှိ #Ayeyarwaddy_Times