ဧရာ၀တီတိုင်းမ်
ဇူလိုင်လ ၁၇ ရက်

ကချင်ပြည်နယ်၊ KIA ဌာနချုပ် လိုင်ဇာမြို့အနီးရှိ နမ်ဆန်ယာန်နှင့် မဒီးယာန်တို့ကို စစ်ကောင်စီက တပ်ရင်း ၁၀ ရင်းထက်မနည်း အင်အားတိုး၍ စစ်ကြောင်းထိုးတိုက် ခိုက်နေကြောင်း သိရသည်။

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ် ရေးတပ်မတော် (KIO/KIA)ဌာနချုပ် လိုင်ဇာမြို့အနီးတွင် ဇူလိုင် ၁ ရက်နေ့မှစတင်၍ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီ တပ်သည် ဇူလိုင် ၃ ရက်နေ့တွင် စစ်အင်အားထပ်မံ ဖြည့်တင်းကာ အင်အား အများအပြားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း မြေပြင်ရှိစစ်ရေး သတင်းရင်း မြစ်ထံက သိရသည်။

“စစ်တပ်ဘက်က တပ်ရင်းတွေ ဆက်တိုက်တိုးပို့နေတာ။ စစ်ကောင်စီဘက်က အင်အား ဖြည့်တင်းမှုတွေတောက်လျောက်လုပ်နေတယ်။ စစ်တိုက်တာတော့ ဒီရက်ပိုင်းမှာမရှိဘူး။ လေယာဉ်နဲ့တော့ နှစ်ခါလာပြီးဗုံးကြဲသွားတယ်။ စစ်ကောင်စီဘက်က အကျအဆုံးများ တယ်။ ပထမနေ့တစ်ရက်မှာ ပထမဆုံးနေ့မှာ တပ်ရင်းမှုးတစ်ယောက် ကျသွားတယ် လို့တော့ကြားရတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကိုပြော သည်။

လက်ရှိ စစ်ကြောင်း ထိုး၀င်ရောက်နေသည့် စစ်ကောင်စီတပ်ရင်းများမှာ ခလရ (ခြေလျင်တပ်ရင်း) ၁၃၊ ၇၊ ၁၀၃၊ ၂၃၆၊ ၈၃၊ ၇၇၊ ၅၆ တို့ဖြစ်ပြီး ခလရ ၇၈၊ ၃၁၈၊ ခမရ(ခြေမြန်တပ်ရင်း) ၃၈၅၊ ခမရ ၃၈၇ တို့ကိုထပ်မံ၍ အင်အားဖြည့်တင်းပို့ဆောင်ထား ကြောင်းနှင့် ၎င်းတပ်ရင်းတို့မှာ တပ်မ(၁၁) လက်အောက်ခံတပ်ရင်းများ ဖြစ်ကြောင်း သိရသည်။

“စစ်ကောင်စီက ပထမ စစချင်းမှာ တပ်ရင်း ငါးရင်း နဲ့ထိုးတယ်။ အခုတော့ တပ်ရင်း သုံးရင်း ထပ်တိုးတယ်။ တပ် ရင်း ရှစ်ရင်းရှိတယ်လို့ စာရင်းတွေအရ သိရတယ်။ မြေ ပြင်အရ တပ်ရင်း ၁၁ ရင်းထက်မနည်းရှိတယ်။ အဲ့ဒီထက်လည်း များနိုင်တယ်။ အခုလည်း တောက်လျှောက် အင်အားတွေထပ်ဖြည့်နေတယ်” ဟု ၎င်းမှ ဆက်လက်ပြောကြားသည်။

စစ်ကောင်စီဘက်မှ တပ်ရင်း အများအပြား အင်အားတိုး၍ တိုက်ခိုက်နေသော်လည်း စစ် ကောင်စီတပ်၏ ခြေလျင်တပ်ရင်း ၁၃၊ ၂၃၆ နှင့် ၁၀၃ တပ်ရင်းတို့သည် အထိအခိုက်များ၍ သေဆုံးများနေပြီး ပိတ်မိနေကြောင်း သိရသည်။

KIA ဌာနချုပ် လိုင်ဇာမြို့ နမ်ဆန်ယာန်တွင် စစ်ကောင်စီနှင့် စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်နေကြောင်းနှင့် စစ်ကောင်စီနှင့်တိုက်ပွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်မှ ရက္ခိုင့်တပ်တော်(AA) က ပူး ပေါင်းကူညီတိုက်ခိုက်နေကြောင်းလည်း စုံစမ်းသိရှိရ သည်။

ရက္ခိုင့်တပ်တော်(AA)ပါဝင်တိုက်ခိုက်မှုနှင့်ပတ်သက်၍ “အခုလက်ရှိ စစ်ကောင်စီ တပ်နဲ့ စစ်ရေးတင်းမာနေတယ်ဆိုတာ ဟုတ်ပါတယ်။ စစ်ရေးနဲ့ ပတ်သက်ရင်တော့ စစ်ရုံးချုပ်က အဓိကတာဝန်ယူတာမို့ AA နဲ့ ပက်သတ်ပြီး ကျွန်တော် အတိအကျမသိပါဘူး” ဟု KIA ၏ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

ဗိုလ်မှူးကြီးနော်ဘူက အတိအကျသိရှိခြင်း မရှိကြောင်း ဆိုထားသော်လည်း ကချင် ပြည်နယ်၊ ဗန်းမော်၊ မြစ်ကြီးနားဘက်မှတက်လာသည့် စစ်ကောင်စီတပ်သားများကို AA က ကြားဖြတ်၍ ပူးပေါင်းတိုက်ခိုက်ပေးနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“စစ်ကောင်စီ ထိုးစစ်ဆင်တာက နမ်ဆန်ကိုပြန်ရချင်တာကြောင့်ပါ။ နမ်ဆန်တောင် ကြောတွေက အရင်ကသူတို့နေခဲ့တဲ့နေရာတွေ။ ကျွန်တော်တို့ နွေဦးတော်လှန်ရေးအစမှာ အလောဘွမ်တောင်ကို KIA က သိမ်းပိုက်ပြီးနောက်ပိုင်း အဲဒီနေရာတွေကို ပြန်ရချင် တဲ့အနေ အထားရှိတယ်။ အဲဒီတော့သူတို့ (စစ်ကောင်စီ)က လိုင်ဇာကို ထိုးစစ်ဆင် တယ်ဆိုတာထက် စစ်ကိုင်းကိုသွားတဲ့ လမ်းကြောင်းတွေကို ပိတ်ချင်တဲ့အနေ အထား ရှိတယ်။ ဒါပေမဲ့ အခုလတ်တလောတော့ ထိုးစစ်သာဆင်တာ ရာသီဥတုအခြေအနေ လည်းမကောင်းဘူး။ သူတို့သိမ်းနိုင်တာဘာမှမရှိဘူး။ သူတို့ဘာသာသူတို့ စစ်ကြောင်း ထိုးနေတာပဲရှိတာ”ဟု KIA နှင့်ပူးပေါင်းတိုက်နေသည့် မြေပြင်ရှိ PDF ရဲဘော်တစ်ဦးက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်နေ့ ညပိုင်းအချိန်က မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်(မပခ) တိုင်းမှူးကိုကိုမောင်နှင့် ဒုတပ်ရင်းမှူး၊ နယ်လုံ၀န်ကြီး အပါအ၀င် စစ်ရေးအရာရှိ ခုနစ် ဦးတို့ကို အမိန့်ဖီဆန်သည်ဟုဆိုကာ စစ်ဌာနချုပ်မှ ဖမ်းဆီး စစ်ဆေးနေကြောင်း တပ်တွင်း သတင်း ရင်းမြစ်ထံက သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီတပ်သားများ၏ ပုံဟောင်းကို
ပြန်လည်အသုံးပြုထားသည်။

#ကချင် #လိုင်ဇာ #KIA #နမ်ဆန်ယာန် #စစ်ကောင်စီတပ် #တိုက်ပွဲ #တပ်ရင်းအင်အားတိုး #ရက္ခိုင့်တပ်တော်AA #Ayeyarwaddy_Times