ဧရာဝတီတိုင်းမ်
(ဘီးလင်း)၊ ဇူလိုင်လ ၁၇ ရက်

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်ကြားရှိ ကျေးရွာများတွင် စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်က ဆိုင်ကယ်ဖြင့် လှည့်လည် ဈေးရောင်း နေသည့် ဒေသခံ သုံး ဦးကို ယမန်နေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် ဖမ်းဆီး သတ်ဖြတ် ခဲ့ကြောင်း ဒေသခံများထံကသိရသည်။

အင်အား ၁၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်ဖွဲ့သည် စစ်ကြောင်း သုံးကြောင်းခွဲ၍ ဇူလိုင်လ ၁၅ ရက်နေ့ညနေပိုင်းမှ စတင်ကာ ကျိုက်ထို မြို့နယ်နှင့် ဘီးလင်းမြို့နယ်အတွင်းရှိ ‌ရွာများဖြစ်သည့် ငှက်ပျောတော၊ ဇီးကုန်းနှင့် ကရဝေးဆိပ်ရွာများဘက်သို့ စစ်ကြောင်းထိုးလာပြီး ပတ်ဝန်းကျင်သို့ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

“အသတ်ခံရတဲ့ ဒေသခံတွေကတော့ ဘယ်သူ‌တွေလဲဆိုတာ အတည်မပြုရသေးဘူး။ ရွာထဲပြန်ဝင်လို့မရသေးဘူး။ အခုက ရွာထဲက ရွာသားတွေရဲ့အိမ်တွေမှာ စစ်ကောင်စီ ဘက်ကလိုက်နေ နေကြတယ်။ အိမ်ထဲမှာရှိတဲ့ရွာသားတွေကိုလည်း ဘယ်ကိုမှ ပေးမသွား ဘူး။ ရွာသားတွေအိမ်မှာ လိုက်ပြီးနေနေကြတာဆိုတော့ သူတို့ကို ပစ်ခတ်ဖို့အတွက် အခက်ခဲဖြစ်နေတာပေါ့။ အိမ်ထဲမှာလဲရွာသားတွေရှိနေတော့” ဟု သထုံခရိုင်PDFတာဝန်ခံ ကိုအေးမင်းထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်နှင့်BGF ပူးပေါင်းတပ်ဖွဲ့သည် ဆိုင်ကယ်ဖြင့် စျေးလိုက်ရောင်းသူ ဒေသခံ သုံးဦးကို သတ်ဖြတ်ခဲ့သည့် အပြင် ဇီးကုန်းရွာရှိ ဒေသခံ ငါးဦးကို လည်းဖမ်းဆီးထားသည်။ ထို့အပြင် ဗုန်းခိုကျင်းများတွင် ပုန်းအောင်းနေကြသည့် ဒေသခံများကိုလည်း အပြင်သို့ ခေါ်ထုတ်၍ လူသားဒိုင်းအဖြစ်အသုံးပြုကာ အကာအကွယ်ယူ‌ထားကြောင်းလည်း သိရသည်။

မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ နေ့စဉ်ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး ယမန်နေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင်ပင် ဘီးလင်း မြို့နယ်၊ ဒေါက်ရပ်ကျေးရွာတွင် ကျုံအိတ်တံတားပြင်ဆင်ရေးအတွက် ကင်းစောင့် နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို တောကျီးကန်းစစ်ကြောင်းနှင့် KNLAပူးပေါင်းတပ်များက သွားရောက် တိုက်ခိုက် ခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ – ဘီးလင်းအခြေစိုက် ခမရ ၃

#မွန်ပြည်နယ် #ဘီးလင်း #ကျိုက်ထို #ကရဝေးဆိပ် #စစ်ကောင်စီတပ် #BGF #ဒေသခံ၃ဦး #ဖမ်းဆီးသတ်ဖြတ် #Ayeyarwaddy_Times