ဧရာဝတီတိုင်းမ်
(သာစည်မြို့) ဇူလိုင်လ ၁၇ ရက်
မန္တလေးတိုင်း၊ သာစည်မြို့နယ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး (စစ်မှုထမ်းဟောင်း) ဆိုသူသည် ယမန်နေ့ ဇူလိုင်လ ၁၆ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က သေနတ်ဖြင့် လေးချက် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်းသိရသည်။
အဆိုပါ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး (စစ်မှုထမ်းဟောင်း) ဆိုသူမှာ ဦးဇော်ဝင်းဖြစ်ပြီး သာစည်မြို့၊ အမှတ်(၇)ရပ်ကွက်၊ မိတ္ထီလာ-တောင်ကြီးကားလမ်းဘေးရှိ သစ္စာမိုး လက်ဘက်ရည်ဆိုင်တွင် လက်ဘက်ရည်သောက်နေစဥ် အမည်မသိ လက်နက် ကိုင်အဖွဲ့ကသေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ ထံကသိရသည်။
“ဒီလူက ပုံမှန်လက်ဘက်ရည်ဆိုင်ထိုင်နေကြပါ။ စစ်မှုထမ်းဟောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ဘက်ရည် ထိုင်သောက်နေတာ သူတစ်ယောက်ထဲပဲ။ သိပ်မကြာဘူး ဆိုင်ကယ်တွေနဲ့ရောက်လာကြပြီး သေနတ်နဲ့ ပစ်သတ်သွားကြတာ။ နေရာမှာပဲတင် ပွဲချင်းပြီး သေသွားတယ် ” ဟု သာစည်မြို့ အမှတ် (၇) ရပ်ကွက်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
သေနတ်ဖြင့် ပစ်သတ်ခံရသူ ဦးဇော်ဝင်း အသက် (၅၇) နှစ်သည် သာစည်မြို့၊ အမှတ် (၃) ရပ်ကွက်နေထိုင်သူဖြစ်ပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်ကာ စစ်မှုထမ်းဟောင်း တစ်ဦးလည်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ဦးဇော်ဝင်း သေနတ်ဖြင့်ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိ လာပြီး သာစည်မြို့ အမှတ် (၇) ရပ်ကွက်အတွင်း ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-သေနတ်ဖြင့်ပစ်သတ်ခံရသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး (စစ်မှုထမ်းဟောင်း) ဦးဇော်ဝင်း
#မန္တလေးတိုင်း #သာစည် #စစ်ကောင်စီခန့် #အုပ်ချုပ်ရေးမှူး #စစ်မှုထမ်းဟောင်း #လက်ဘက်ရည်ဆိုင် #ပစ်သတ်ခံရ #Ayeyarwaddy_Times