ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၇ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းများမှ နေပြည်တော်သို့ ပို့ဆောင်လိုက်သည့် တပ်သားများနေရာတွင် သက်ကြီးရွယ်အို တပ်သားများဖြင့် အစားထိုး ကင်းချထားကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ပုသိမ်မြို့အဝင် စစ်ဆေးရေးဂိတ်များအပါဝင် လုံခြုံရေးချထားသည့် နေရာများမှ ငယ်ရွယ်သွက်လက်သည့် တပ်သားများသို့ နေပြည်တော်သို့ အရေးပေါ်ပို့ဆောင်ပြီး နောက်တစ်နေ့တွင် သက်ကြီးရွယ်အိုတပ်သားများဖြင့် အစားထိုးလုံခြုံရေးချထားခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
” ခုက တပ်ရင်းနောက်တန်းမှာ နေတဲ့သူတွေကိုပါ ထုတ်သုံးနေရတာ၊ အဲ့တာတောင်အင်အားမလောက်လို့ ပြည်သူ့စစ်နဲ့တွဲထားနေရတယ်”ဟု စစ်ကောင်စီသတင်းရင်းမြစ်တစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
အရေးကြီးသည့်နေရာများတွင်သာ စစ်ကောင်စီတပ်သားနှင့် ပြည်သူ့စစ်၊ ရဲများတွဲချပြီး ကျန်သည့်နေရာများတွင် ရဲသီးသန့်သာ ရှိတော့သည်ဟု ၎င်းမှဆက်လက်ပြောဆိုသည်။
စစ်ကောင်စီခန့် ဝန်ကြီးရုံးထိုင်သည့်နေရာနှင့် အရေးကြီးနေရာများ၊ အရေးကြီးလမ်းကြောင်းများတွင် လေတပ်ကိုပါထုတ်ပြီး လုံခြုံရေးစောင့်ခိုင်းနေရကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
#နေပြည်တော် #ပုသိမ်မြို့နယ် #စစ်ကောင်စီတပ် #သက်ကြီးရွယ်အိုများ #Ayeyarwaddy_Times