ဧရာဝတီတိုင်းမ်
ကျိုက်ထို၊ ဇူလိုင် ၁၆ ရက်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စစ်တောင်းတံတား (မုပ္ပလင်) ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှ ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ၆၀ မမဖြင့် ပစ်ခတ်ရာ အေးဘုရားဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့၍ သီလရှင်တစ်ပါး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။
ထိုဖြစ်စဉ်တွင် မုပ္ပလင်စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သားများသည် ၆၀ မမ နှစ်လုံး ဖြင့် အရပ်သားများနေထိုင်ရာသို့ အကြောင်းမဲ့ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အေးဘုရားဘုန်းကြီးကျောင်း အဆောက်အဦများလည်း ပျက်စီးခဲ့ကာ ဒဏ်ရာရရှိခဲ့သည့် သီလရှင်မှာ ညောင်ခါးရှည်ဆေးရုံတွင် ကုသမှုခံယူနေသည်ဟု သိရသည်။
” မုပ္ပလင်ဂိတ်ကနေ လက်နက်ကြီးနဲ့ အကြောင်းမဲ့ပစ်တာပါ။ အေးဘုရားဘုန်းကြီးကျောင်းထဲ ဗုံးသီးကျပြီး ပေါက်ကွဲလို့ သီလရှင်တစ်ပါးဒဏ်ရာရပြီး ဘုန်းကြီးကျောင်းထဲက အဆောက်အအုံတွေလည်း ပျက်စီးကုန်တယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ဇူလိုင် ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်မှစတင်ကာ မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်က မဲရုံးကြီးကျေးရွာကို ဟောင်ဝစ်ဇာအမြောက်ဖြင့် သုံးကြိမ်ပစ်ခတ်ခဲ့ပြီး ရွာအနီးဝန်းကျင်တွင် ပေါက်ကွဲခဲ့သော်လည်း အရပ်သားထိခိုက်မှုမရှိကြောင်း သတင်းရရှိသည်။
စစ်ကောင်စီတပ်သည် ယခင်က KNLA တပ်မဟာ ၁ နယ်မြေရှိ မဲရုံးကြီး၊ မဲရုံးလေး၊ ဂဒိုင်ဒွတ်၊ မိုးဘော၊ ကျောက်ဖျာ၊ ကော်ကပ်စသည့် ကျေးရွာများသို့ အကြိမ်ကြိမ်စစ်ကြောင်းထိုးခဲ့သော်လည်း လက်ရှိအချိန်တွင် စစ်ကြောင်းထိုးခြင်း နည်းပါးသွားပြီး အရပ်သားများနေထိုင်သည့် ကျေးရွာများကို ပစ်မှတ်ထားကာ လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်လျက်ရှိကြောင်း သိရသည်။
ပုံ-ပေးပို့
#မုပ္ပလင်လမ်းဆုံ #စကစဂိတ်မှပစ်ခတ် #လက်နက်ကြီးကျည် #ဘုန်းကြီးကျောင်းအတွင်း #ကျရောက်ပေါက်ကွဲ #သီလရှင်တပါးဒဏ်ရာရ #Ayeyarwaddy_Times