ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်

တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော အပူပိုင်းမုန်တိုင်း တာလင်း (Talim) အရှိန်ကြောင့် မြန်မာ့နိုင်ငံ တစ်ဝန်း မိုးကြီးနိုင်ကြောင်း သိရသည်။

ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်၌ မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေသည် ဟုလည်း ဆိုသည်။

အားကောင်းသော အပူပိုင်းမုန်တိုင်း (Talim) သည် ဇူလိုင် ၁၇ ရက်နေ့တွင် တောင်တရုတ် ပင်လယ်ပြင် အနောက်- အနောက်မြောက် (ဖိလစ်ပိုင်နိုင်ငံ ကျွန်းဆွယ်) ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး တိုင်ဖွန်း မုန်တိုင်း အဖြစ်သို့ ပိုမို အားကောင်း လာနိုင်ကြောင်း ယနေ့ မွန်းလွဲ နှစ်နာရီတွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) က ထုတ်ပြန်သည်။

လာမည့် နှစ်ရက်အတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း အပါအဝင် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန် ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်မည် ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း အောက်ပိုင်းနှင့် မကွေးတိုင်း တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မန္တလေးတိုင်း၊ ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် နေရာစိပ်စိပ် မိုးရွာသွန်းမည် ဖြစ်သည်ဟုလည်း ဆိုသည်။

ထို့ပြင် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင် မြေပြင်လေသည် တစ်နာရီ မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း မိုး/ဇလ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၈ ပေ မှ ၁၀ ပေခန့် ရှိနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
#အပူပိုင်း #မုန်တိုင်းတာလင်းအရှိန်ကြောင့် #နိုင်ငံတစ်ဝန်းမိုးကြီးနိုင် #Ayeyarwaddy_Times