ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇူလိုင် ၁၆ ရက်)

“ဝလို့ လှလို့ပါလား”
ဒီစကားလုံးလေးဟာ မြန်မာလူမျိုးတွေ အမြဲသုံးလေ့ရှိတဲ့ နှုတ်ဆက်စကားလို့ ဆိုနိုင် ပါတယ်။ ဝဝပြည့်ပြည့်လေးဖြစ်လာတာက ကြည့်ကောင်းပေမယ့် အဝလွန် သွားတဲ့အခါ ကျန်းမာရေး ပြဿနာတွေအများကြီးကို ကြုံလာရမှာဖြစ်ပါတယ်။

ဒါကြောင့် ယခုတစ်ပတ်မှာတော့ အ၀လွန်ခြင်းကြောင့် အမျိုးသား အမျိုးသမီးတိုင်း ကြုံရတတ်တဲ့ ၊ ကြုံလာနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေ၊ အ၀လွန်တာကို ကုသနိုင်မယ့် နည်းလမ်းတွေ၊ အ၀လွန်သူတွေ စားသောက်သင့်တဲ့ အစာအုပ်စုနဲ့ ဝခြင်း၊ ပိန်ခြင်းကို တိုင်းတာပေးတဲ့ အညွှန်းကိန်းတွေ၊ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ခန္ဓာကိုယ်အဆီရာခိုင်နှုန်း တွက်ချက်ခြင်း နည်းလမ်းတွေကို ဖော်ပြပေး ထားပါတယ်။
#အ၀လွန်ခြင်းနဲ့နှလုံးသွေးကြောပြသနာများ
သွေးတွင်းအဆီများခြင်းကြောင့် သွေးကြောနံရံတွေကို ထူစေပြီး သွေးကြော ကျဉ်းစေပါတယ်။ နှလုံးသွေးကြောရောဂါတွေ ဖြစ်တဲ့ နှလုံး‌သွေးကြောကျဉ်းခြင်း၊ နှလုံး သွေးကြောပိတ်ခြင်း၊ နှလုံးသွေးငတ်ခြင်း၊ နှလုံးကြွက်သားပုပ်ခြင်း၊ လေဖြတ်ခြင်း နဲ့ ပန်းသေပန်းညှိုးဖြစ်ခြင်းတို့ကို တွေကြုံရမှာပါ။ နှလုံးကြီးခြင်း နဲ့ သွေးတိုးခြင်းတွေလည်း အဖြစ်များစေပါတယ်။

#အ၀လွန်ခြင်းနဲ့အသက်ရှုလမ်းကြောင်းပြဿနာများ
လည်ပင်းမှာရှိတဲ့အဆီပိုတွေကအိပ်‌နေစဉ် လေပြွန်ကို ဖိတာကြောင့် OSA (Obstructive Sleep Apnea) လို့ခေါ်တဲ့ အိပ်ပျော်နေစဉ်အသက်ရှူခဏရပ်ခြင်း၊ အသက်ရှု လမ်းကြောင်းပိုးဝင်ခြင်း ကိုပိုမိုဖြစ်‌စေရန် အလားအလာများခြင်း၊ ပန်းနာရင်ကျပ်ဖြစ် လျှင်ပိုဆိုးစေခြင်း၊ ပ‌စ်ဝှစ်ကီယျံ ရောဂါစု Pickwickian syndrome လို့ခေါ်တဲ့ အဝလွန်ခြင်းကြောင့် အသက်ရှူနည်းခြင်း (OHA -obesity hypoventilation syndrome) တွေကို ပိုမိုကြုံတွေ့စေပါတယ်။

#အ၀လွန်ခြင်းနဲ့ကင်ဆာရောဂါများ
အဝလွန်တာကြောင့် သားအိမ်နှင့်သားဥအိမ်၊ ဆီးကျိတ်၊ အူမကြီး ၊ ဝမ်းအိမ် ၊ ရင်သား၊ အသည်း၊ သည်းခြေအိတ်၊ သည်းခြေလမ်းကြောင်း၊ မုန့်ချိုအိပ်-ပန်းကရိိယ အစာအိမ် ကျောက်ကပ် ၊ အဆုတ် နှင့် အစာရေမြိုပြွန် ကင်ဆာတွေကို ပိုအဖြစ်များစေကြောင်း တွေ့ရှိထားကြပါတယ်။

#အ၀လွန်ခြင်းနဲ့စိတ်ပိုင်းဆိုင်ရာပြဿနာများ
၀တဲ့သူတွေဟာ ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်‌ဖို့ ကြိုးစားရခြင်း၊ ခွဲခြားဆက်ဆံ ခံရ၍ စိတ်ထိခိုက်ခြင်း၊ မိမိကိုယ်ကိုအပြစ်မြင်ခြင်း၊ အားငယ်ခြင်း တွေကို ခံစားရနိုင်ပြီး အဝလွန်ခြင်းကြောင့် စိတ်ဓာတ်ကျခြင်းလည်း တွေကြုံရပါတယ်။

အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်စဉ်သွေးတိုးခြင်း၊ ကလေးအကြီးကြီးမွေးခြင်း၊ ကိုယ်ဝန်ဆောင်စဉ်ကလေးသေဆုံးခြင်း၊ မွေးဖွားရခက်ခဲခြင်းတွေလို သားဖွားပြဿနာ တွေကြုံရနိုင်ပြီး သားဥအိမ် ရေအိတ်တည်ခြင်း၊ ဓမ္မတာရာသီမမှန်ခြင်း၊ သားဥမ‌ကြွေခြင်း နဲ့ ကလေးရရန်ခက်ခဲခြင်း တွေလို မီးယပ်ရောဂါပြဿနာတွေလည်း ဖြစ်နိုင်ပါတယ်။

အဝလွန်လူနာများခွဲစိတ်မည် ဆိုပါကလည်း အဆီများခြင်းကြောင့် ခွဲစိတ်ရခက်ခဲခြင်း၊ မေ့ဆေးအန္တရာယ်ရှိခြင်း၊ ခွဲပြီးအနာကျတ်နှေးခြင်း၊ သွေးကြောပိတ်ခြင်း၊ အဆုတ်တွင် သွေးခဲဆို့ခြင်း ကိုပိုပြီးခံရနိုင်ပါတယ်။

ထို့အပြင် ကြွက်သားနာကျင်ခြင်း၊ အရိုးအဆစ်နာကျင်ခြင်း၊ အရိုးကျီးပေါင်းတက်ခြင်း၊ ထုံကျင်ခြင်းကဲ့သို့အာရုံကြောပြသနာများ၊ သွေးချိုဆီးချိုရောဂါ ၊ သွေးတွင်းအဆီများ ခြင်းရောဂါ၊ ဟော်မုန်းရောဂါများနဲ့ အသည်းရောဂါများ အပါအဝင် အခြား ရောဂါတွေလည်း ဖြစ်လာနိုင်ပါတယ်။

#အဝလွန်တာကိုဘယ်လိုကုသမလဲ
ဝိတ်ချဖို့ကြိုးစား နေကြသူတွေ အတွက်လည်း ကျန်းကျန်းမာမာကျစ်လစ်‌စေဖို့ နည်းလမ်းကောင်းတွေ ရှိနေပါတယ်။

အဝလွန်တာကိုကုသဖို့အတွက် အစားအသောက်ထိန်းသိမ်းရပါမယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးရပါမယ်။ အဆီများတဲ့ လူကို ဝစေတဲ့ အစားသောက်တွေ လုံးဝလုံးဝရှောင်ရပါမယ်။

ပုံမှန်အချိန်မှန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေလုပ်ပေးရပါမယ်။ ကျန်းမာတဲ့ အမူအကျင့်တွေ လူနေမှုပုံစံတွေကို ပြုပြင်ပြောင်းလဲယူရပါမယ်။

ဆီနဲ့ ဆီကြော်အစားအစာတွေ ၊ ဒိန်ခဲ၊ ထောပတ်နဲ့ ချိစ့်စတာတွေ ၊ သကြားနဲ့ အချိုလွန်ကဲတဲ့ အစားအသောက်‌တွေ ၊ ဆားဓာတ်လွန်ကဲတဲ့ အခြောက်အခြမ်းတွေ ရေရှည်ခံ စားအသောက်တွေကို လုံးဝရှောင်နိုင်ရင် အကောင်းဆုံးပါ။

ထမင်းနှင့် ကစီဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို ထိန်းစားရပါမယ်။ သစ်သီး ဝလံ‌တွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အနှံတွေ၊ ပဲအမျိုးမျိုး၊ အသား၊ ငါး၊ ဥအမျိုးမျိုး၊ အ‌ဆီထုတ်နို့ ဒိန်ချဉ် အစေ့အဆန်တွေနဲ့ အခွံမာသီးတွေကို ခပ်များများလေးစားရပါမယ်။

အ၀လွန်သူနေသူများအနေဖြင့်
-အာဟာရပမာဏ ကယ်လိုရီကို တွက်ချက်ပြီး ကန့်သတ်စားသောက်ရပါမယ်။
-ကိုယ်လက်လှုပ်ရှားအားကစား ပုံမှန် လုပ်ပေးပါ။
-အရွယ်ရောက်ပြီးသူတွေ တစ်နေ့ကို ၃၀မိနစ်မှ တစ်နာရီ လှုပ်လှုပ်ရှားရှား -ချွေးတွေ ထွက်တဲ့အထိ အားကစားလုပ်ရပါမယ်။ တစ်ပတ်မှာ ငါးရက် လေ့ကျင့်ခန်း လုပ်ရပါမယ်။
-အမြန်လမ်းလျှောက်ခြင်း ပြေးခြင်း ကြိုးခုန်ခြင်း ဇွန်းဘားကခြင်း ရေကူးခြင်း ဘောလုံးကန်ခြင်း ကြက်တောင်ရိုက်ခြင်း ဘောလီဘော တင်းနစ် ဘက်စကတ်ဘော ဝါသနာပါရာ အားကစားလုပ်ခြင်းနှင့် Gym အားကစားခန်းအသုံးပြုခြင်း ဝိတ်မခြင်း တွေကို လုပ်ရပါမယ်။

အဝလွန်တာကြောင့် ကိုယ်အလေးချိန်နဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေကို စိုးရိမ်တဲ့အခါဖြစ်ဖြစ်၊ ဝိတ်ချခြင်းမအောင်မြင်လို့ဖြစ်ဖြစ် ဆရာဝန်နဲ့ အသေအချာပြသ ဆွေးနွေးသင့်ပါတယ်။

ပိန်ဆေးများကို မိမိသဘောနဲ့ သောက်ခြင်းမျိုး မပြုလုပ်ဘဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ကောင်းကျိုး ဆိုးပြစ်များကိုတိုင်ပင်ပြီးခါမှ မိမိအတွက် သင့်‌လျှော်မယ့် နည်းလမ်းကို ‌ရွေးချယ်ရပါမယ်။

နိုင်ငံတကာမှာတော့ အဝလွန်ခြင်းကို ကုသတဲ့အခါ သောက်ဆေးများပေးခြင်း၊ ထိုးဆေးများဖြင့်ကုသခြင်း၊ ခွဲစိတ်ကုသခြင်းများအပြင် ကုထုံးအသစ်များကိုလည်း ရှာဖွေ စမ်းသပ်လျက်ရှိပါတယ်။

ဝခြင်း၊ ပိန်ခြင်းကို ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO) အသိအမှတ်ပြု အသုံးပြု‌နေတဲ့ တိုင်းတာအညွှန်းကိန်းတွေနဲ့တိုင်းတာပြီး မိမိကိုယ်ကိုယ် အဝလွန်နေပြီလား ဆိုတာကို စစ်ဆေးလို့ရပါတယ်။

#ကိုယ်ခန္ဓာဒြပ်ထုညွှန်းကိန်း BMI ( body mass index )

ပိန်ခြင်းဝခြင်းကို စစ်ဆေးဖို့ သင့်ရဲ့ BMI တိုင်းမယ်ဆိုလျှင် ကိုယ်အလေးချိန် ကီလိုဂရမ် နဲ့ချိန်ရပါမယ်။ အရပ်အမြင့်ကိုလည်း မီတာနဲ့ တိုင်းရပါမယ်။ [ကိုယ်ခန္ဓာဒြပ်ထုညွှန်းကိန်း = ကိုယ်အလေးချိန် / အရပ်အမြင့် × အရပ်အမြင့် ] ဆိုပြီး အလွယ်တကူ တွက်နိုင်ပါတယ်။

အရပ်နဲ့ ကိုယ်အလေးချိန်ကိုသာ အသုံးပြုပြီးတွက်ထားပြီး ကျား/မ မခွဲခြားတာကြောင့် အရွယ်ရောက်ပြီးသူတိုင်းအတွက် သိပ်ကို လွယ်ကူတဲ့ တိုင်းတာစစ်ဆေးခြင်း ဖြစ်ပါတယ်။

BMI 18.5 အောက် နည်းရင် ဝိတ်မပြည့် ပိန်တယ်လို့ပြောရမှာဖြစ်ပါတယ်။ ကျန်းမာ သင့်လျှော်တဲ့ ကိုယ်ခန္ဓာဆိုတာ BMI 18.5 ကနေ 25 အတွင်း ရှိရပါမယ်။

BMI 25 အထက်များနေရင်တော့ ဝိတ်များနေပြီ ဝနေပြီဆိုတာ ကို ဖော်ပြနေတာပါ။BMI 25-29.9 အတွင်းကို ကိုယ်အလေးချိန်များတယ် (Grade 1 Overweight ) BMI 30-39.9 အထိဖြစ်လာရင် အဝလွန်တယ်( Grade 2 Obesity)၊ BMI 40 နှင့်အထက် များနေရင်တော့ လွန်လွန်ကဲကဲ အဝလွန်တယ် (Grade 3 Severe or morbid obesity) ဆိုပြီး ပြောလို့ရပါတယ်။

ဝပြီဆိုတာနဲ့ သင့်ကျန်းမာရေးကိုထိခိုက်ပါပြီ။ ပုံမှန်ထပ်ပိုတဲ့ အဆီ‌တွေ သွေးထဲမှာ အရေပြားအောက် အဆီပြင်မှာ သင့်ရဲ့ ကိုယ်တွင်းအင်္ဂါကလီစာတွေမှာ စုပုံနေပါပြီ။ တစ်ယောက်ချင်းစီရဲ့ အဆီပမာဏဟာ မတူညီနိုင်တဲ့အတွက် BMI ကို အကြမ်းသုံးပဲ သုံးနိုင်ပါတယ်။

#ခန္ဓာကိုယ်အဆီရာခိုင်နှုန်း(Body fat percentage)

အမျိုးသားတွေမှာဆိုရင် ခန္ဓာကိုယ်အဆီရာခိုင်နှုန်းကို (BMI × 1.20 ) ÷ (အသက် × 0.23) – 16.2 ဆိုပြီး တွက်ချက်နိုင်ပါတယ်။ အဆီ 21ရာခိုင်နှုန်း အောက်နည်းမှ ကောင်းတာပါ။ 25 ရဘခိုင်နှုန်း အထက်များနေရင်တော့ မကောင်းပါဘူး။ အဆီသိပ်ကိုများနေပါပြီ။

အမျိုးသမီးတွေမှာလည်း (BMI × 1.20 ) ÷ (အသက် × 0.23) – 5.4 ဆိုတဲ့ပုံသေနည်းကိုအသုံးပြုတွက်နိုင်ပါတယ်။ 31 ရာခိုင်နှုန်း အောက် ထိန်းထားရပါမယ်။ 33 ရာခိုင်နှုန်း အထက်များနေတာက မကောင်းပါဘူး။ ခန္ဓာကိုယ်မှာ အဆီများတဲ့အခါ အဝလွန်ခြင်းနဲ့ယှဉ်တွဲပြီး ရောဂါဆိုးတွေ ဖြစ်လာနိုင် လို့ပါ။နာတာရှည်ရောဂါ တွေခံစားရနိုင်ပါတယ်။

AyeyarwadyTimes စာဖတ် ပရိသတ်တွေထဲမှာ အဝလွန်နေသူတွေ ရှိနေပါက ကျန်းမာတဲ့ ကိုယ်ခန္ဓာကို စနစ်တကျ ဝိတ်ချရင်း ရနိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

နောက်တစ်ပတ်မှာတော့ အသည်းရောဂါများအကြောင်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ “အာရောဂျံပရမံလာဘံ” ကျန်းမာခြင်းဟာ လာဘ်ကြီးတစ်ပါးဖြစ်တာကြောင့် ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #သတိပြုဆင်ခြင် #အ၀လွန်ရောဂါကျန်းမာရေးပြဿနာ #ဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)