ဧရာဝတီတိုင်းမ်
ကျိုက်ထို ၊ ဇူလိုင် ၁၆ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာရှိ ရွှေတူးဖော်ရေးလုပ်ကွက်တခုမှ အလုပ်သမားများနှင့် ထိုလုပ်ကွက်အနီးရှိ စိုက်ပျိုးရေးကုမ္ပဏီတခုမှ မန်နေဂျာဖြစ်သူအား စစ်ကောင်စီတပ်များက အကြောင်းပြချက်မရှိဘဲ ဇူလိုင်လ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၃၀ခန့်က ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အင်အား ၅၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်များသည် အင်္ဂဘိုကျေးရွာ၊ ဆီအုန်းခြံနောက်ရှိ ဦးအောင်အောင်၏ ရွှေတူးဖော်ရေးလုပ်ကွက်အတွင်း သေနတ်များပစ်ဖောက်ကာ ဝင်ရောက်လာခဲ့ပြီး အလုပ်သမားများကို ခေါ်ယူမေးမြန်းကာ ၁၅ ဦးအားဖမ်းဆီးခဲ့သည့်အပြင် အနီးဝန်းကျင်ရှိ ပန်းသီရိစိုက်ပျိုးရေးကုမ္ပဏီမှ မန်နေဂျာ ဦးမျိုးမြင့်ကျော်ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“ဦးအောင်ရဲ့ ရွှေတွင်းလုပ်ကွက်ထဲ စစ်တပ်က ပစ်ခတ်ပြီး ဝင်လာတာပါ။ ပြီးတော့ အလုပ်သမားတွေကို မေးမြန်းတာတွေလုပ်ပြီး ရွှေလုပ်ကွက်နားမှာရှိတဲ့ ပန်းစိုက်ကုမ္ပဏီက မန်နေဂျာကိုပါ ဖမ်းသွားတယ်။ စုစုပေါင်း ၁၆ ယောက် ဖမ်းသွားတာ။ ဘာလို့ဖမ်းသွားမှန်းတော့ မသိရပါဘူး” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ရွှေတူးဖော်ရေးအလုပ်သမားများကိုသာ ဖမ်းဆီးခဲ့ခြင်းမဟုတ်ဘဲ ထိုလုပ်ကွက်အတွင်းရှိ ယာယီတဲအချို့အား မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဘက်ဟိုး လေးစီးနှင့် ရွှေမျောစက်တလုံးကိုလည်း သိမ်းဆည်းယူဆောင်သွားကြောင်း သိရသည်။

လက်ရှိအချိန်တွင် မတရားဖမ်းဆီးခံခဲ့ရသော ရွှေတူးဖော်ရေးလုပ်သားများနှင့် စိုက်ပျိုးရေးကုမ္ပဏီမန်နေဂျာကို တပ်မ ၄၄ နှင့် ကျိုက်ထိုရဲစခန်းတို့တွင် ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

#ကျိုက်ထို #အင်္ဂဘိုရွာ #ရွှေတူးဖော်ရေးလုပ်သား #စိုက်ပျိုးရေးကုမ္ပဏီမန်နေဂျာ #စစ်ကောင်စီက #ဝင်ရောက်ဖမ်းဆီးသွား #Ayeyarwaddy_Times