ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇူလိုင်လ ၁၆ ရက်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ကံပေါက်ဒေသ တွင် ကုန်စုံဆိုင်ပိုင်ရှင်မိသားစု လေး ဦးနှင့် အလုပ်သမားအပါဝင် စုစုပေါင်း ခြောက်ဦးကို ယမန်နေ့ ဇူလိုင်လ ၁၅ ရက် ညနေပိုင်းတွင် စစ်ကောင်စီ၏ မောရဝတီရေတပ်မှ လာရောက် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီရေတပ်သည် ယမန်နေ့ ညနေ ၅ နာရီခန့်က စစ်ကားနှစ်စီးအပါအဝင် အင်အားအများအပြားဖြင့် ကုန်စုံဆိုင်ပိုင်ရှင်မိသားစုများ၏ နေအိမ်နှင့် စျေးဆိုင်များတွင် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီ ရေတပ်၏ ဖမ်းဆီးခံရသူများမှာ မဂ္ဂင် ရပ်ကွက်တွင် နေထိုင်သည့် ဒေါ်စန်းမြင့်(ခ) ဒေါ်ဒီးဒုတ်၊ ဒေါ်မီးချို(ခ) ဒေါ်ချို၊ ဦးကျော်ဦး၊ ကိုကျော်ကျော်၊ ကိုမင်းသူအောင်နှင့် ကိုကျန်ကျောင်းတို့ဖြစ်ကြောင်း သိရသည်။

“ကုန်စုံဆိုင်ကို ဝင်မဖမ်းခင်မှာစျေးနားက လမ်းတွေကို စစ်တပ်က အရင်ပိတ်လိုက်တယ်။ လမ်းပိတ်ပြီးမှစစ်ကားတွေနဲ့ရောက်လာပြီးဖမ်းသွားတာ။ စစ်ဆေးမေးမြန်းစရာရှိတယ် ခဏလိုက်ခဲ့လို့ ပြောပြီးခေါ်သွားကြတာ” ဟု ကံပေါက် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသည့် ဒေသခံခြောက်ဦးသည် သာမန်အရပ်သား ပြည်သူများဖြစ်ပြီး အနေထိုင် အေးဆေးသူများဖြစ်ကာ ဖမ်းဆီးခံရသည့် အခြေအနေ အသေးစိတ်ကိုမူ သိရှိရခြင်း မရှိသေးကြောင်း အဆိုပါ ဒေသခံက ဆိုသည်။

ဖမ်းဆီးခံရသည့် မဂ္ဂင်ရပ်ကွက်က ကုန်စုံဆိုင်ပိုင်ရှင်မိသားစု လေးဦး နှင့် အလုပ်သမား နှစ်ဦးတို့ကို မောရဝတီရေတပ် ဌာနချုပ်တွင် ဖမ်းဆီးစစ်ဆေးလျက်ရှိ ကြောင်းသိရသည်။

ဓာတ်ပုံ ၊ဖမ်းဆီးခံရသော ကုန်စုံဆိုင်ပိုင်ရှင်မိသားစု
#ရေဖြူမြို့နယ် #ကံပေါက် #ကုန်စုံဆိုင်ပိုင်ရှင်မိသားစုများ #အလုပ်သမား #မောရ၀တီစစ်ကောင်စီရေတပ် #ဖမ်းဆီး #Ayeyarwaddy_Times