ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၆ ရက်

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်တွင် ဇူလိုင်လအတွင်း သုံးဘီးဆိုင်ကယ်မောင်းနှင်မှုကြောင့် လူဦးရေ ၅၀ ထက်မနည်းဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

သုံးဘီးဆိုင်ကယ်မောင်နှင်သူများကို စစ်ကောင်စီတပ်ကဖမ်းဆီးပြီး ‌မောင်းနှင်သူများကို ဒဏ်ငွေရိုက်အရေးယူကာ ဆိုင်ကယ်များကို ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း ဒေသခံများမှ ပြောသည်။

“တစ်ဦးကို ငွေ ၃ သောင်းဒဏ်ရိုက်တယ်၊ ပြီးတော့ ဆိုင်ကယ်တွေကို ပြန်မပေးဘူး။ စက်ဆန်းကျေးရွာက ရဲစခန်းမှာ အကုန်သိမ်းထားတယ်” ဟု ဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

သုံးဘီးဆိုင်ကယ်မောင်းသူအများစုမှာ မိသားစုစားဝတ်နေရေးအတွက် ကုန်စည်သယ်ဆောင်ဖို့မောင်းနှင်ချိန်မှာ ဖမ်းဆီးခံရသဖြင့် ပိုက်ဆံချေးငှာပြီး ဒဏ်ငွေဆောင်ရသူများလည်းရှိကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။

စက်ဆန်းကျေးရွာတွင် သုံးဘီးဆိုင်ကယ်များကို နေ့စဉ်ဖမ်းဆီးငွေတောင်းမှုများပြုလုပ်နေသလို စစ်ကောင်စီတပ်က လောင်းကစားပြုလုပ်သူများကိုလည်း ငွေသိန်းဆယ်နှင့်ချီတောင်းကာ ခွင့်ပြုပေးထားကြောင်း ‌ဒေသခံများမှ ပြောသည်။

စက်ဆန်းကျေးရွာမှာ ဘိုကလေးမြို့နှင့် ကားလမ်းဖြင့် ၁၀ မိုင်၊ ရေလမ်းဖြင့် ၂၁ မိုင်ခရီးရှိသဖြင့် ကုန်စည်သယ်ယူရာတွင် သုံးဘီးဆိုင်ကယ်များကို အားထားအသုံးပြုနေရသည့် ကျေးရွာလည်းဖြစ်ကြောင်း ဒေသခံများမှ ပြောဆိုသည်။

#ဘို‌ကလေးမြို့နယ် #စစ်ကောင်စီတပ် #‌သုံးဘီးဆိုင်ကယ် #လူဦးရေငါးဆယ်ကျော်ဖမ်းဆီးခံရ #Ayeyarwaddy_Times