ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၅ ရက်
ရန်ကုန်တိုင်းအတွင်းရှိ စျေးနှုန်းများဖြစ်ပါသည်။
(ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် ရန်ကုန်မြို့အတွင်းရှိစျေးကွက်၊ ညောင်ပင်လေးဈေးနှင့် လက်လီဈေးကွက်တို့တွင် ဇူလိုင်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ကောက်ယူထား ခြင်းဖြစ်ပြီး အချိန်နှင့် အမျှဈေးနှုန်း အပြောင်းအလဲ ဖြစ်ပေါ်နိုင်ပါသည်။)
စစ်ကောင်စီက အမေရိကန်ဒေါ်လာသုံးစွဲမှုချုပ်ကိုင်ထားသဖြင့် ပြည်တွင်းဒေါ်လာရောင်း ဝယ်ရေး ဈေးကွက်တွင် ဒေါ်လာဝယ်ယူရရှိမှုခက်ခဲနေခြင်း၊ အကယ်ဒမီ ရွှေဈေးနှုန်း မြင့်တက်နေခြင်းအပါအဝင် စက်သုံးဆီဈေးနှုန်းလည်း တဖြည်းဖြည်းမြင့်တက်လာကာ အခြေခံစားသောက်ကုန်ပစ္စည်းဈေးကွက်အတွင်း ဆေးဝါးအပါအဝင်ကုန်တချို့ဈေးနှုန်း မြင့်နေကြောင်း စားသုံးသူဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
စစ်ကောင်စီက တရားမဝင်နိုင်ငံခြားငွေလဲလှယ်လုပ်ငန်း၊ ငွေလွှဲလုပ်ငန်းအပါအဝင် ရွှေဆိုင်များနှင့် ရွှေသန့်စင်လုပ်ငန်း ဆောင်ရွက်နေသူတို့ကိုရှာဖွေပြီး နိုင်ငံခြားသုံး ငွေစီမံခန့်ခွဲမှု ဥပဒေနှင့်အညီအရေးယူနေခြင်းကြောင့် ရွှေနှင့် နိုင်ငံခြားငွေလဲ ဈေးကွက်အတွင်းဖမ်းဆီးခံရမည်ကို စိုးရိမ်မှုများရှိနေကြောင်းသိရသည်။
ဇူလိုင်လ ၁၃ ရက်နေ့တွင် ပို့ကုန်တင်ပို့သူများကနေ ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေ ပမာဏ၏ ၆၅ ရာခိုင်နှုန်းကို ဘဏ်သို့တိုက်ရိုက်ပေးသွင်းနေရာမှာ ၁၅ ရာခိုင်နှုန်းပြန်လည်လျော့ထားလိုက်ပြီး ၅၀ ရာခိုင်းနှုန်း မြန်မာကျပ်ငွေ တိုက်ရိုက် လဲနိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံတော် ဗဟိုဘဏ် က သတင်းထုတ်ပြန်သည်။
“ဗဟိုဘက်ပြောင်းလိုက်တဲ့ ၅၀ ရာခိုင်နှုန်းဘဏ်သွင်း ၅၀ ရာခိုင်းနှုန်း အပြင်ပေါက်ဈေး အတိုင်းဒေါ်လာလဲဖို့က ဆန်သမားတွေ နယ်စပ်စီးပွားရေးသမားတွေ အတွက်ကောင်းတာ မရှိပါဘူး။ အရင်အတိုင်းပါပဲ” ဟု ဆန်လုပ်ငန်းရှင် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
#နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်း
ယခုနှစ်ပတ်အတွင်းနိုင်ငံခြားငွေလဲလှယ်နှုန်းထားအမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၅၀ မှ ၆၀ ကျပ်ကြား အကွာအဟရှိကြောင်း ပြင်ပဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
အမေရိကန်ဒေါ်လာဈေးနှုန်းတွင် ပြီးခဲ့သည့် ဇူလိုင် ၁ ရက်နေ့က တစ်ဒေါ်လာလျှင် ကျပ် ၃၀၈၀ ရှိရာမှ ယမန်နေ့ ဇူလိုင် ၁၅ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ကျပ် ၃,၁၄၀ ကျပ်ရှိကြောင်းသိရသည်။
အမေရိကန်ဒေါ်လာငွေလဲနှုန်း တည်ငြိမ်စပြုလာသော်လည်း တရားဝင်ငွေလဲကောင်တာ များ တွင်ဒေါ်လာလိုအပ် သလောက်လွတ်လပ်စွာဝယ်ယူနိုင်ခြင်းမရှိပေ။
“အခုက ဒေါ်လာဝယ်ရခက်နေတယ်လေ။ ဗဟိုဘဏ်ထုတ်ပြန်ချက်က ဘာမှမထူးဘူး။ ဒေါ်လာရောင်းဝယ်ခွင့်က သူတို့ချပေးမှရတာဆိုတော့”ဟု ပို့ကုန်သွင်းကုန်ဆောင်ရွက် နေသူတစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင် ထိုင်းဘတ်ဈေးအနည်းငယ်တက်လာကာ ဇူလိုင် ၁ ရက်နေ့တွင် ထိုင်းတစ်ဘတ်လျှင် ၈၈ ကျပ်ရှိရာမှ ယနေ့ ဇူလိုင် ၁၅ ရက်နေ့တွင် ထိုင်းတစ်ဘတ်လျှင် ကျပ် ၉၀ ရှိကြောင်းသိရသည်၊
ထို့ပြင်တရုတ်ယွမ်ဈေးနှုန်းတွင် ပြီးခဲ့သည့် ဇူလိုင် ၁ ရက်နေ့က တစ်ယွမ်လျှင် ကျပ် ၄၃၁ ရှိရာမှ ယမန်နေ့ ဇူလိုင် ၁၅ ရက်နေ့ တစ်ယွမ်လျှင် ကျပ် ၄၄၀ ကျပ်နှုန်းထားဖြင့်လဲလှယ်နေကြောင်း တရုတ်ယွမ်ဈေးကွက်အတွင်းမှ သိရသည်။
လက်ရှိဈေးကွက်အတွင်းရွှေဆိုင်များက အကယ်ဒမီအတုံးရွှေရောင်းချမှုကိုပိတ်ထားပြီး အခေါက်ရွှေဖြင့်ပြု လုပ်ထားသည့်လက်ဝတ်ပစ္စည်းများ ရောင်းချလျက်ရှိကြောင်း ရွှေစုသူ တစ်ဦးထံက သိရသည်။
“ အရင်လို ရွှေတုံးရွှေပြားတွေဝယ်မရတော့ဘူး။ စစ်ကောင်စီမရောင်းဘူးလို့ ပြောတာ ပဲ။ အခုဆို ၁၆ ပဲရည်နဲ့လုပ်တဲ့ အခေါက်လက်စွပ်တွေ လက်ကောက်တွေ ဝယ်ကြတာ များတယ်” ဟု ၎င်းက ဆိုသည်။
ဇူလိုင် ၁၅ ရက်နေ့တွင် အကယ်ဒမီအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် သိန်း ၃, ၂၆၀,၀၀၀ ဝန်းကျင်ရှိပြီး ပြီးခဲ့သည့် ၁၅ ရက် ဇူလိုင် ၁ ရက်နေ့တွင် ကျပ်သိန်း ၃,၁၇၀,၀၀၀ ရှိကြောင်းသိရသည်။
ယခုနှစ်ပတ်အတွင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်း ကျပ်နှစ်ရာခန့်တဖြည်းဖြည်း ဈေးတက်လာကြောင်းသိရသည်။
ဇူလိုင် ၁ ရက်နေ့တွင် ၉၂ တစ်လီတာလျှင် ကျပ် ၁၉၈၅ ရှိရာမှ ဇူလိုင် ၁၅ ရက်နေ့တွင် ၂၁၀၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂,၀၈၅ ကျပ်ရှိရာမှ ၂၂၂၀ ကျပ်သို့လည်းကောင်း၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် ၂,၀၃၀ ကျပ်မှ ကျပ် ၂,၁၇၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၁,၉၅၀ ကျပ်မှ ၂,၀၉၀ ကျပ်နှုန်းဖြင့် စက်သုံးဆီမြင့်တက်လာကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီထံက သိရသည်။
#အခြေခံစားသောက်ကုန်ပစ္စည်းဈေးနှုန်း
ယခုသီတင်းနှစ်ပတ်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ၌ ဆန်ဈေးနှုန်း တည်ငြိမ်နေကာ စားအုံးဆီ ဈေးမြင့်တက်၍ ဈေးကွက်အဆတွင်း ပြတ်လပ်မှုများအထိ အထိရှိနေပြီး ဆေးဝါး တချို့ဈေးနှုန်းမြင့်တက်နေကြောင်း စျေးကွက်းအတွက်းမှ စုံစမ်း သိရသည်။
ပြည်တွင်းစားသုံးမှုမြင့်မားသော ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်လျှင် ကျပ် ၉၅,၀၀၀ မှ ကျပ် ၁၁၀,၀၀၀ ကျပ် ၊ ပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၈၇,၀၀၀ မှ ၈၈,၀၀၀ ကျပ်၊ ကြားပျံရှယ် တစ်အိမ်လျှင် ကျပ် ၉၂,၀၀၀ မှ ကျပ် ၉၆,၀၀၀ ၊ ပေါ်ကျွဲတစ်အိတ်လျှင် ကျပ် ၈၀,၀၀၀ မှ ကျပ် ၈၂,၀၀၀ နှင့် ငစိန် တစ်အိတ်လျှင် ကျပ် ၅၆,၀၀၀ မှ ကျပ် ၅၈,၀၀၀ အတွင်းရှိပြီး တစ်လကျော်ကြာဈေးငြိမ်နေကြောင်းသိရသည်။
ယခုတစ်ပတ်အတွင်း စားသုံးဆီဈေးနှုန်း သိသိသာသာမြင့်လာနေပြီး စစ်ကောင်စီ သတ်မှတ်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄,၁၄၀ ဖြစ်ချိန်တွင် ပြင်ပပေါက်ဈေး မြင့်တက်နေပြီး ဈေးကွက် အတွင်းစားသုံးဆီပြတ်လပ်မှု များရှိကြောင်း စုံစမ်းသိရသည်။
လက်ရှိမြို့တွင်းဈေးတချို့တွင် စားအုန်းဆီဝယ်ယူ၍မရကြောင်း မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူ အိမ်ရှင်မ တစ်ဦးထံက သိရသည်။ ဇူလိုင် ၁ ရက်နေ့တွင် စားအုန်းဆီ လက်လီတစ်ပိဿာလျှင် ၈၀၀၀ ကျပ်ရှိရာမှ ယနေ့တွင် ကျပ် ၉,၅၀၀ ရှိကြောင်း သိရသည်။
“ စားအုန်းဆီဈေးအရမ်းတက်လို့ ရောင်းကိုမရောင်းတော့ဘူး။ ဝယ်သူတွေကို စားအုံးဆီ ထက်ကောင်းတဲ့ ဟင်းရွက်ဆီအရောဆီပဲသုံးဖို့ပြောလိုက်တယ်။ ငါးဆယ်သားတစ်ဘူးကို ၄,၈၀၀ ကျပ် ပဲ ။ အရင်ဈေးနဲ့ရောင်းတာ။ တက်ဈေးနဲ့မရောင်းသေးဘူး” ဟု ကုန်စုံဆိုင်ပိုင် ရှင်တစ်ဦးက ဆိုသည်။
ထို့ပြင်ဒေါ်လာဈေးအနည်းငယ်မြင့်တက်လာမှုကြောင့် နိုင်ငံခြားအဓိက သွင်းကုန် တစ်ခုဖြစ်သော ဆေးဝါး ဈေးနှုန်းများ မြင့်တက်လာနေသည်။ နာတာရှည် သောက်သုံးရသည့်ဆေးဝါး နှင့် အိမ်သုံးဆေးဝါး တချို့ ဈေးမြင့်တက်နေကြောင်း ဆေးဆိုင်များထံက သိရသည်။
“ ဈေးကတော့အကုန်တက်နေတာပဲ။ အန်တီတို့အခုက အရင်ဈေးအတိုင်းပဲရောင်းတာ။ ပါရာစီတမောတစ်ကတ်ကို ၁,၁၀၀ လောက်ပေါ့ အဲဒီထက် ထပ်မတက်သေးဘူး။ ဆေးတွေကအများကြီးဆိုတော့ တချို့တက်တာလည်းရှိတာပေါ့” စမ်းချောင်းမြို့နယ်ရှိ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။
စစ်ကောင်စီက သွင်းကုန်လိုင်စင်များကို ထိန်းချုပ်ထားရာတွင် ဆေးကုမ္ပဏီများ လည်းပါဝင်ကာ ဆေးဝါးများ တင်သွင်းကန့်သတ်ခြင်း၊ လိုင်စင်ချပေးမှုကြန့်ကြာချိန်တွင် နာတာရှည်ရောဂါကုဆေးများနှင့် လူသုံးများသော အိမ်တွင်းဆေးဝါးများပစ္စည်း မပြတ်လပ်ရန် လိုအပ်ပေသည်။
“အမေ့ ကင်ဆာဆေးတွေတော့ ဈေးတက်တာသိတယ်။ အရင်လတွေက တစ်လစာ ဆေးဝယ်ရင် တစ်သိန်း နှစ်သောင်းလောက်ကျတာ အခုလဆေးဝယ်တော့ တစ်သိန်းခြောက်သောင်းလောက်ကျတယ်။ အဆုတ်ကင်ဆာဆေးတွေပေါ့” ဟု ကမာရွတ်မြို့နယ် တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စားဖိုဆောင်သီးနှံဈေးနှုန်းများတွင် ဇူလိုင် ၁ ရက်နေ့တွင် တစ်ပိဿာ ၃,၅၀၀ ကျပ်ရှိသောကြက်သွန်နီဈေးသည် ဇူလိုင် ၁၅ ရက်နေ့တွင် ကျပ် ၂,၆၀၀ ဖြစ်၍ ဈေးကျလာသည်။ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၁၀,၀၀၀ ကျပ်ဖြင့်ဈေးနှုန်းအပြောင်း အလဲမရှိဘဲ အာလူးတစ်ပိဿာလျှင် ၃,၅၀၀ ကျပ်မှ ၃,၈၀၀ ကျပ် အထိရှိလာသည်။
ယခုနှစ်ပတ်အတွင်း အလွန် မြင့်တက်ခဲ့သည့် ဂျင်းစျေးပြန်လည် ကျဆင်းခဲ့ပြီး ဂျင်းတစ်ပိဿာလျှင် ကျပ် ၄,၅၀၀ မှ ကျပ် ၅,၀၀၀ ကျပ်အထိရှိကြောင်း ညောင်ပင်လေးဈေးအတွင်းမှ စုံစမ်းသိရသည်။
#ဒေါ်လာရွှေစက်သုံးဆီဈေးနှုန်း #အခြေခံစားသောက်ကုန်ဈေးနှုန်း #စျေးကွက်သတင်း #Ayeyarwaddy_Times