ဓာတ်ပုံ - ဧရာဝတီတိုင်းအတွင်းမြို့အဝင်စစ်ဆေးရေးဂိတ်တခု။

ဧရာဝတီတိုင်းမ်
(မအူပင်) /ဇူလိုင် ၁၆ ရက်

ဧရာဝတီတိုင်းမှရန်ကုန်တိုင်းသို့ ဆက်သွယ်ထားသည့် ကားလမ်းမများတွင် စစ်ကောင်စီတပ်၏ ငွေကြေးတောင်းခံသည့်ဂိတ်များပိုမိုများပြားလာသဖြင့် အခက်ကြုံနေရကြောင်း ဒေသတွင်း ယာဥ်မောင်းနှင်သူများထံကသိရသည်။

ရန်ကုန်-ပုသိမ်လမ်း၊ တွံတေး-မအူပင်လမ်းစသည့်လမ်းပိုင်းများတွင် လမ်းအသုံးပြုခကောက်ခံရေးဂိတ်များအပြင် စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်များအများအပြားပေါ်ပေါက်လာပြီး အဆိုပါ ဂိတ်များကိုဖြတ်သန်းသည့် ကုန်တင်ယာဥ်၊ခရီးသည်ယာဥ်နှင့်အခြားယာဥ်များအားလုံးဖြတ်သန်းခဂိတ် ကြေးပေးဆောင်နေရသည်ဟု ကားသမားတဦးကပြောသည်။

” အရင်က မြို့ဝင်ဂိတ်တွေနဲ့ ၊တိုးလ်ဂိတ်တွေမှာ တပ်စွဲနေတဲ့နေရာတွေကိုဘဲပေးရတာ ၃၊ ၄ ဂိတ်ဘဲ။ အခုက ပန်တိုင်ဂိတ်ဆိုတဂိတ်ထဲမှာကို ဂိတ်ကြေး ၃ နေ ရာပေးရတယ်၊ အဲ့ဒီကနေတောက်လျှောက် ပုသိမ်ထိကိုပေးရတာ ၉ ဂိတ်လောက်ဖြစ်နေပြီ” ဟု အဆိုပါ လမ်းပိုင်းများတွင်ကုန်တင်ကားမောင်းနှင်နေသည့်ယာဥ်မောင်းတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ လမ်းပိုင်းများသည် မိုင်အားဖြင့် ၁၀၀ ဝန်းကျင်သာရှိသော်လည်း စစ်ဆေးရေးဂိတ်များ တဖြည်းဖြည်းတိုးများလာပြီး တဂိတ်လျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိပေးဆောင်ရသည်ဟုဆိုသည်။
” ရန်ကုန်-ပုသိမ်လမ်းက မိုင်က ၁၀၀ လောက်ရှိတာ။ ဂိတ်အရေအတွက်နှုန်းနဲ့ဆို ၁၀ မိုင်ကို တဂိတ်လောက်ဖြစ်နေပြီ။ မအူပင်မြို့ထဲကိုဝင်တဲ့လမ်းဆိုပိုဆိုးတယ်။ ရေနံမြေလမ်းဆုံကနေ တံတားအတက်အဆင်း၊ ဆားမလောက်ကွေ့တောက်လျှောက်ဂိတ်တွေချည်းဘဲ၊ ၁၅၀၀၊၂၀၀၀ ပေးတာကိုသိပ်မကျေနပ်ချင်ဘူး” ဟု သူကဆက်လက်ပြောသည်။

လက်ရှိစက်သုံးဆီစျေးနှုန်းမြင့်တက်နေသည့်အပြင် ယခုကဲ့သို့ လမ်းတလျှောက်စစ်ဆေးရေးဂိတ်များကို ဂိတ်ကြေးပေးဆောင်နေရသဖြင့် ကုန်စည်ပို့ဆောင်ရေးလုပ်ရသည်မှာ အဆင်မပြေတော့ကြောင်း ၄င်းကဆို သည်။
စစ်ကောင်စီတပ်၊၄င်းတို့လက်အောက်ခံရဲနှင့် အဖွဲ့အစည်းအမျိုးမျိုးမှ အဆိုပါလမ်းပိုင်းများတွင် မောင်းနှင်နေသည့်ကားများကိုစစ်ဆေးရေးအကြောင်းပြ၍ ငွေကြေးတောင်းခံမှုများပြုလုပ်နေပြီး ၄င်းတို့တားမြစ်သည်ကိုမရပ်တန့်ပါကလည်း သေနတ်ဖြင့်ပစ်ခတ်မှုများပြုလုပ်နေကြောင်း သိရသည်။