ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇူလိုင်လ ၁၆ ရက်
မွန်ပြည်နယ်၊ရေးမြို့ အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်ရင်း သုံး ရင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက SF -Z အမျိုးစား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ် (KBDF) ထံမှ သိရသည်။
ဇူလိုင်လ ၁၄ ရက် ညနေ ၄ နာရီခန့်အချိန်က ပြည်သူ့ကာကွယ်ရေးမဟာမိတ် ပူးပေါင်းတပ်များက ရေးမြို့အခြေစိုက် စကခ -၁၉၊ခလရ -၆၁ ၊အမတ -၃၁၆ တပ်ရင်း သုံးရင်းကို ပထမဆုံး အကြိမ်စစ်ဆင်ရေးအနေဖြင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း (KBDF) ကပြောသည်။
” အခု စစ်ဆင်ရေး ကို ကျနော်တို့ မဟာမိတ် ပူးပေါင်းအဖွဲ့ ခုနှစ်ဖွဲ့ နဲ့ ပထမဆုံး အကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။တောင်ပိုင်းစစ်ဒေသခွဲ -၃ ရဲ့ မဟာဗျူဟာကို စစ်ရေးရည်မှန်းချက် လုပ်ငန်းစဥ်တစ်ခုအဖြစ် ဖော်ဆောင်ခဲ့တာပါ။အခု ဗုံးကြဲတိုက်ခိုက်မှုက အောင်မြင်ပါတယ်။စစ်ကောင်စီဘက်ကတော့ ထိခိုက်ဒဏ်ရာရသူတွေ လည်း ရှိခဲ့တယ်။ကျနော်တို့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များအနေနဲ့နောက်ထပ်လည်း စစ်ဆင်ရေးတွေကိုတိုးမြှင့်လုပ်ဆောင်သွားဖို့ရှိတယ်”ဟု ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KBDF) မှပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုရှိသော်လည်း သတင်းအတိအကျကို မသိရသေးကြောင်းလည်း ၄င်းကပြောသည်။
တပ်ရင်းသုံးရင်း အား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကို ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF)၊ မွန်ပြည် တော်လှန်ရေးတပ် MSRF၊ ရေးလေတပ် YAF၊ ရေးကာကွယ်ရေးတပ် YDF၊ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်း (T-5)၊ ဒေါနစစ်ကြောင်း နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ( တပ်ရင်း- ၁ ) ပူးပေါင်းတပ်တို့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များဘက်မှအထိအခိုက်အကျအဆုံးမရှိဘဲ အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ-တိုက်ပွဲအပြန် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ
#ရေးမြို့အခြေစိုက် #တပ်ရင်း၃ရင်း #ပြည်သူ့ကာကွယ်ရေး #ပူးပေါင်းတပ်များက #ပထမဆုံးအကြိမ် #ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက် #Ayeyarwaddy_Times