ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၆ ရက်

ထိုင်း နိုင်ငံခြားရေးဝန်ကြီးဟာ မကြာသေးမီက မြန်မာဖြုတ်ချခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့လင့်ကစား မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်က အဓိက ဖြစ်နေဆဲပဲလို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှနန်က ပြောကြားလိုက်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီအကြောင်း စဉ်းစားရာမှာ ဘုံသဘောတူညီချက် ၅ ရပ်က အဓိက အချက်တစ်ချက်ဖြစ်နေဆဲလို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ဇူလိုင်လ ၁၄ ရက်ပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဗီဗီယန်က ပြောပါတယ်။

ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမြူဒီနိုင်းရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုကြောင့် မြန်မာ့အရေး နဲ့ပတ်သက်တဲ့ အာဆီယံအဖွဲ့ရဲ့ ရပ်တည်ချက် သို့မဟုတ် ကိုင်တွယ်ဖြေရှင်းမှုနည်းလမ်း ပြောင်းလဲသွားပြီလားဆို တဲ့ စင်ကာပူသတင်းဌာန Mothership ရဲ့မေးမြန်းမှုကို ဗီဗီယန်က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒွန်ပရာမြူဒီနိုင်းဟာ အာဆီယံအဖွဲ့ကို ကိုယ်စားမပြုဘဲ သူ့သဘောနဲ့သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ဆုံခဲ့တာလို့ ဗီဗီယန်က ဆိုပါတယ်။

မြန်မာ့အရေး အဖြေရှာရာမှာ ဒေါ်အောင်ဆန်းစုကြည်က အရေးပါနေဆဲဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်မ ပါဘဲ မြန်မာ့အရေး ဖြေရှင်းလို့မရကြောင်း သူက ပြောပါတယ်။

ဒွန်ပရာမြူဒီနိုင်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်ပုံပေါ်တယ်လို့ ပြောဆိုပေမယ့် သူဟာ ပရော်ဖက်ရှင်နယ်ဆရာဝန်တစ်ဉီး မဟုတ်တာကြောင့် ထိုပြောဆိုချက်ကို ယုံကြည်လို့မရကြောင်း၊ ခရီးစဉ် တစ်ခုတည်းနဲ့ မလုံလောက်ကြောင်း ဗီဗီယန်က ထောက်ပြပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံသို့သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံခွင့်ပြုသင့်ကြောင်း သူက ပြောပါတယ်။

ဝန်ကြီးချုပ် လီရှန်လွန်း ယခင်က တောင်းဆိုခဲ့သလိုမျိုး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဉီးဝင်းမြင့်တို့ ကို လွှတ်ပေးဖို့ သူက ထပ်လောင်းတောင်းဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်တပ်အာဏာပိုင်တွေကြား စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်မယ်ဆိုရင် သူမကို အ ကျဉ်းထောင်တစ်ခုအတွင်း အကျဉ်းချထားစဉ် ပြုလုပ်လို့မရဘူးလို့ ဗီဗီယန်က ဆိုပါတယ်။

ကိုးကား – Mothership
Ref; No solution in Myanmar without Aung San Suu Kyi’s participation: Vivian Balakrishnan at Asean Foreign Ministers’ Meeting

#Ayeyarwaddy_Times