ဧရာဝတီတိုင်းမ်
(ဆော)၊ ဇူလိုင် ၁၆ ရက်
ဆောမြို့နယ်၊ လောင်းရှည်မှ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သို့ လက်နက်ရိက္ခာတင်ပို့လာသော စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး၍ အများအပြားဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
တိုက်ပွဲကြောင့် ထိခိုက်သေးဆုံးမှုများပြားသော စစ်ကောင်စီတပ်က ဆောမြို့နယ်၊ ရင်းကဲရွာမှ နေအိမ် ၃၀ ကျော်ကို မီးရှို့ခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၁၂ နှစ်အရွယ်အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်းဒေသခံများထံမှ သိရသည်။
” စစ်ကောင်စီတပ်ဘက်က အင်အား ၃ဝဝ ဝန်းကျင်ရှိတယ်။ တင့်ကားလည်းပါတယ်။ လက်နက်ကြီးတွေ အဆက်မပျက်ပစ်တယ်။ အင်ပုနှင့်ဆွဲလွဲကျင်းကြားက တံတားကို ပူးပေါင်းတပ်တွေက မိုင်းခွဲ ဖျက်ဆီးလိုက်တဲ့အတွက် စစ်ကောင်စီတပ်တွေ ရှေ့ဆက်မရပဲ တံတားအနားမှာ သောင်တင်နေတယ် “ ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မကွေးတိုင်း၊ ကျောက်ထုမြို့မှ ချင်းပြည်နယ်ဘက်သို့ စစ်ကြောင်းနှစ်ကြောင်းခွဲကာ အင်အားအလုံးအရင်းဖြင့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်ကြောင်းဒေသခံများက ခန့်မှန်းပြောဆိုကြသည်။
စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်လာမှုကြောင့် လမ်းကြောင်းတလျှောက်ရှိ ကျေးရွာများမှ ဒေသခံများတောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်က ရင်းကဲရွာ မီးရှို့မှုအခြေအနေကို သွားရောက်ကြည့်ရှု့သော ဒေသခံ ၂၀ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။
ဓာတ်ပုံ-စစ်ကောင်စီတပ်က မီးရှို့ခဲ့သော ရင်းကဲရွာ
#ဆောမြို့နယ် #ရင်းကဲရွာ #စစ်ကောင်စီမီးရှို့ #လက်နက်ကြီးပစ်ခတ်မှုကြောင့် #၁၂နှစ်အမျိုးသမီးတစ်ဦးသေဆုံး #ရင်းကဲရွာခံ၂၀ဦးဖမ်းဆီးခံရ #Ayeyarwaddy_Times