ဧရာဝတီတိုင်းမ်
(ရေး)၊ ဇူလိုင်လ ၁၆ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာတွင် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားဖြစ်ပွားပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ဒေသခံများအား သုံးရက်အတွင်း နေအိမ်သို့ပြန်မလာပါက အိမ်ချိတ်ပိတ်မည်ဟု စစ်ကောင်စီတပ်ကခြိမ်းခြောက်နေကြောင်း ဒေသခံများထံက သိရသည်။
နှစ်ကရင်ကျေးရွာတွင် ဇွန်လ ၂၅ ရက်နေ့ကဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအများစုမှာ သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင် စသည့်ဒေသများသို့ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ယခုအခါ အိမ်သို့ပြန်မလာပါက နေအိမ်ချိတ်ပိတ်မည်ဖြစ်ကြောင်း ကျေးရွာအနီးတပ်စွဲထားသည့် စစ်ကောင်စီတပ်က ခြိမ်းခြောက်နေကြောင်း သိရသည် ။
“သုံး ရက်အတွင်းအိမ်ပြန်မလာရင် ချိတ်ပိတ်မယ်ဆိုတာဟုတ်တယ်။ အဲ့တာကြောင့် တစ်ချို့ယောကျာ်းတွေကပြန်လာပြီး မိန်းမတွေကတော့ပြန်မလာဘူး။စစ်ကောင်စီကခြိမ်းခြောက်ထားလို့။အိမ်တွေချိတ်ပိတ်မယ်ဆိုလို့ ရွာသားတွေကကြောက်ကြောက် နဲ့ပြန်လာကြရတယ်” ဟု နှစ်ကရင်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် စစ်ကောင်စီသည် နှစ်ကရင်ကျေးရွာအတွင်းရှိ ဒေသခံများကို အကြောင်းအရင်းမရှိ ဖမ်းဆီးမှုများပြုလုပ်ကာ ဆိုင်ကယ်များသိမ်းယူခြင်း၊ ဖုန်းစစ်သည်ဟုဆိုတာ တန်ဖိုးကြီးသည့်ဖုန်းများကို သိမ်းယူသွားခြင်းများ ပြုလုပ်နေကြောင်းလည်း သိရသည်။
“မိန်းကလေးတွေ လူကြီးတွေကိုတော့ ရွာကို လုံးဝမပေးပြန်လာခိုင်းတော့ဘူး။ တချို့ကျတော့ အိမ်ကိုလုံးဝလှည့်မကြည့်တော့ဘူး။ လုပ်ချင်တာ ဆက်လုပ်ဆိုပြီးတော့ ပစ်ထားလိုက်တယ်။ သည်ရက်ပိုင်းထဲမှာ PDF တွေက သူတို့ကို ဝင်တိုက်တော့မယ်ဆိုပြီး သတင်းတွေ သူတို့ကြားလို့ ရွာကလူတွေကိုခြိမ်းခြောက်ပြီးပြန်ခေါ်နေတာ” ဟု အဆိုပါဒေသခံက ဆက်လက်ပြောသည်။
ရေးမြို့နယ်အတွင်းတွင် နှစ်ဖက်စစ်ရေးတင်းမာမှုများရှိနေပြီး စစ်ကောင်စီတပ်ကတိုက်ပွဲများအတွင်း လေကြောင်းတိုက်ခိုက်မှုများပြုလုပ်လာသည့်အတွက် ဒေသခံအချို့သည် ရေးမြို့နယ်မှပြောင်းရွှေ့နေထိုင်ကြရန် ပြင်ဆင်နေကြကြောင်းလည်း ရေးမြို့ပေါ်ရှိဒေသခံများထံက သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်။
#ရေး #နှစ်ကရင် #စစ်ကောင်စီတပ် #စစ်ရှောင် #နေအိမ်ချိတ်ပိတ် #PDF #Ayeyarwaddy_Times