ဧရာဝတီတိုင်းမ်
(တွန်းဇံ)၊ ဇူလိုင် ၁၅ ရက်

မြို့သိမ်းတိုက်ပွဲဆင်နွှဲနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နေပြီဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)ထံမှ သိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)သည် ယခင်က တမူးမြို့နယ်နှင့် နယ်စပ်တလျှောက်တွင် မဟာမိတ်ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်နေပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် နီးစပ်လာခြင်းကြောင့် တွန်းဇံမြို့အနီးသို့ လာရောက်အခြေချခြင်းဖြစ်ကြောင်းသိရသည်။

“မြို့ပေါ်က လွဲ၍ ဇိုနယ်မြေတစ်ခုလုံးကို ထိန်းချုပ်နိုင်ပါပြီ။ တွန်းဇံမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံတွေကိုလည်း ကြိုက်တဲ့ချိန် ဝင်ဖမ်းလို့ရတယ်။ ဘာမှ မလှုပ်ရှားချင်သေးလို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အမျိုးတွေ နေထိုင်တဲ့ နေရာ၊ ကျွန်တော်ကိုယ်တိုင်နေထိုင်တဲ့ တွန်းဇံမြို့ပေါ်ဖြစ်တဲ့အတွက်ကြောင့် ငဲ့ညှာတဲ့အနေနဲ့ ဘာမှမလုပ်သေးတာ” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)၏ အထွေထွေအတွင်းရေးမှူးနှင့် ပြောရေးဆိုခွင့်ရှိသူထန်ဆွင်းမုန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)၏ သတိပေးထုတ်ပြန်ချက်များကို မလိုက်နာသော စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများကိုလည်းအရေးယူဆောင်ရွက်မှုများလုပ်ဆောင်ရန် စီစဉ်ဆောင်ရွက်နေပြီး အရေးယူမှုနှင့်အတူ အပြစ်ပေးမှုများလည်း လုပ်ဆောင်သွားမည်ဟု သိရသည်။

တွန်းဇံမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ပညာရေးမှူးတို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)က ဖမ်းဝရမ်းထုတ်ထားပြီးနောက် တွန်းဇံမြို့မှ မြို့နယ်ပညာရေးမှူးထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

“မြို့တွင်းတိုက်ပွဲလုပ်တဲ့အချိန်မှာ ရုန်းမထွက်တဲ့လူ၊ ကျောင်းတက်တဲ့သူ၊ ရုံးတက်တဲ့သူဆိုရင်တော့ အဲ့ချိန်မှာ အချင်းချင်းဆိုပေမယ့် မငဲ့ညှာတော့ဘူး။ အဲ့သလိုပဲ အများပြည်သူကို သတင်းပါးချင်တယ်”လို့ ထန်ဆွင်းမုန်က ပြောသည်။

တွန်းဇံမြို့၊ အထကကျောင်းတွင် ကင်းစောင့်နေသော စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)က ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကာ ကျောင်းထဲရှိ အခြားစစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြောင်းသိရသည်။

စစ်ရေးအခြေအနေကြောင့် တွန်းဇံ-တီးတိန်လမ်း၊ တွန်းဇံ-ကျီခါးလမ်းနှင့် တွန်းဇံ-မွာလ်ပီလမ်းတို့ကို ယနေ့၊ ဇူလိုင် ၁၅ ရက်နေ့မှ စတင်၍ နာရေးကိစ္စမှအပ အသုံးမပြုကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)က အသိပေးထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်အား မလိုက်နာပါက အယောင်ဆောင်သူဟု မှတ်ယူကာ ပစ်မိန့်(သို့မဟုတ်)စစ်ဆေးမေးမြန်းခြင်းမရှိ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo-CDF-တွန်းဇံတပ်ဖွဲ့ဝင်များ

#မြို့သိမ်းတိုက်ပွဲ #ပြင်ဆင်နေ #စစ်ကောင်စီလက်အောက်ခံ#ဝန်ထမ်း #အရေးယူမည် #ချင်းကာကွယ်ရေး #တပ်ဖွဲ့တာဝန်ရှိသူပြော #Ayeyarwaddy_Times