ဧရာဝတီတိုင်းမ်
(ဖယ်ခုံ)၊ ဇူလိုင်လ ၁၅ ရက်
ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာနှင့် စက်တော်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်မှ စတင်၍ တစ်လတာအတွင်း ထိတွေ့တိုက်ပွဲပေါင်း ၁၃ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Pekhon )ထံက သိရသည်။
စစ်ကောင်စီလက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ-၂၄၈) တပ်ရင်း၊ ကောင်စီ လေ့ကျင့်ရေး သင်တန်းကျောင်းများမှတပ်သားများ၊ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည့် တစ်လအတွင်း စစ်ကောင်စီတပ်သား ၁၉ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း သိရသည်။
“ဒီတစ်လအတွင်းမှာ ထိတွေ့တိုက်ပွဲပေါင်း ၁၃ ကြိမ်လောက်ဖြစ်ပွားပြီး ထိခိုက်မှု တွေကတော့ ကျွန်မတို့ဘက်က ရဲဘော်တစ်ဦးကျသွားတယ်။ ဒဏ်ရာရတာတွေလဲ ရှိတယ်။ ရန်သူဖက်ကတော့ တိကျသေချာတဲ့ မျက်မြင်တွေ့ရှိချက်တွေအရ ၁၉ ယောက် သေပြီး ဒဏ်ရာရတဲ့သူတွေရှိတာလည်းတွေ့ရတယ်။ ရန်သူတွေဆီကတွေ လက်နက် ခဲယမ်းတွေရခဲ့တာ ရှိတယ်” ဟု PDF Pekhonမှ တာဝန်ရှိသူ အမျိုးသမီးရဲမေက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နှစ်ဖက်ထိတွေ့တိုက်ပွဲများအတွင်း ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ရဲဘော် ဒယ်ဆီဒဲရို(ခ)ဒို မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့တွင် သေဆုံးခဲ့သည်။ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ရဲဘော်အချို့မှာလည်း ဆေးကုသမှုခံယူနေရကြောင်း PDF Pekhonထံက သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ MG-3 ငါးကြင်းမြီး သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက်၊ မိုင်း နှင့် ကျည်ဆံ စသည့်လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း သိရသည်။
“အခုလက်ရှိအခြေအနေထိတော့ တိုက်ပွဲဖြစ်နိုင်တဲ့အနေအထားမှာရှိနေတယ်ပေါ့နော်။ ဆိုလိုချင်တာကတိုက်ပွဲက အချိန်မရွေးဖြစ်သွားနိုင်တယ်။ တိုက်ပွဲကဖြစ်လိုက်၊ နားလိုက် အဲ့လိုပုံစံမျိုးမှာရှိနေပါတယ်။” ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောသည်။
တိုက်ပွဲအတွင်း PDF Pekhon နှင့်အတူ KRU၊ SSDF (ရှမ်းတောင် ဒရုန်း တပ်ဖွဲ့)၊ LKPDF နှင့် ရှမ်းတောင်တပ်ပေါင်းစုအဖွဲ့ (1003၊ 1005၊ 1008၊ 1009 – IPDF၊ SSLRU၊ NPT(ပကဖ) ) စသည့်တပ်ရင်းများ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။
ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီသည် နေပြည်တော်ကိုကာကွယ်သည့်အနေဖြင့် ကရင်နီသို့ တပ်မ(၉၉) ဘီလူးစစ်ကြောင်းအပါအဝင် တပ်မလေးခုနှင့် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ ၂)(စကခ ၁၈) လက်အောက်ခံ တပ်ရင်းအများအပြားကို ပို့ဆောင်ထားပြီး ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းလည်း တပ်တွင်းသတင်းရစ်မြစ်များထံက သိရသည်။
ဓာတ်ပုံ – PDF Pekhon
#ကရင်နီ #ဖယ်ခုံ #ရှမ်း #တိုက်ပွဲ #ခလရ၂၄၈ #စစ်ကောင်စီတပ် #တစ်လအတွင်း #၁၉ဦးသေ #Ayeyarwaddy_Times