ဟန်နွေသစ်/ဧရာ၀တီတိုင်းမ်
ဇူလိုင် ၁၅ ရက်
ရန်ကုန် – ညောင်တုန်း အဝေးပြေး ကားလမ်းမကြီးဘေး တစ်နေရာတွင် ဖြစ်သည်။ ကားလမ်းမကြီး၏ ဘေးနှစ်ဖက်တွင် လယ်ကွင်းများက မျက်စိတစ်ဆုံး…။
အသက် ၄၀ ကျော်အရွယ် တောင်သူ လေးဦး လယ်ယာလုပ်ငန်းခွင် ဝင်နေကြသည်။ တစ်ယောက်က လက်တွန်း ထွန်စက်ကို မောင်းနှင်နေပြီး ကျန်သုံးယောက်ကမူ မြေကို လက်ဖြင့် ထိုးဆွနေသည်။ လယ်ကွက်ထဲရှိ မြေသား ညက်သွားစေရန် ထယ်ထိုး၊ တမန်းပြင်နေကြခြင်း ဖြစ်သည်။
မိုးကာလ လယ်ယာမြေ ပြင်ဆင်ရန်အတွက် လက်တွန်းထွန်စက် တစ်လုံးဖြင့် အရှေ့၊ အနောက် ခေါက်တုံ့ခေါက်ပြန် ပတ်လည်သွားကာ ထယ်ထိုးနေသည်။ လွန်းထိုးသလို ခေါက်တုံ့ခေါက်ပြန် သွားလာနေသည့် အဆိုပါ လက်တွန်းထွန်စက်လေးသည် မကြာမီအချိန်တွင် တဖုန်းဖုန်း အော်မြည်ကာ မီးခိုးတလူလူဖြင့် ရပ်နားသွားလေပြီ။ စက်ပျက်သွားပြီ ဖြစ်သည်။
လွန်ခဲ့သော နှစ်များစွာကတည်းကပင် စိုက်ပျိုးရေးနိုင်ငံအဖြစ် ကြွေးကြော်ထားသော မြန်မာနိုင်ငံရှိ တောင်သူများသည် လက်မှုလယ်ယာမှ စက်မှုလယ်ယာအဆင့်သို့ ယခုအထိတိုင် မတက်နိုင်ကြသေးပေ။ လယ်သမားအများစုတွင် လယ်ယာပိုင်ဆိုင်မှု မရှိသည့်အပြင် လယ်ယာသုံး စက်ပစ္စည်းများ လည်းပြည့်စုံစွာ အသုံး မပြုနိုင်သေးပေ။
လက်ရှိ ဆန်စပါး အဓိက ထွက်ရှိရာ မြန်မာနိုင်ငံ၏ “စပါးကျီ” ဟု ဆိုသော ဧရာဝတီတိုင်းတွင် လယ်ယာလုပ်သား ရှားပါးမှု ဒဏ်ကိုလည်း ရင်ဆိုင်နေရပြီး စိုက်ပျိုးရေး အထွေထွေ ကုန်ကျစရိတ်များက မြင့်မားနေ၍ လယ်စိုက်ဧကများ လျော့နည်းလာစေသည်။
လယ်သမားများမှာ ကနဦး ဆန်စပါး စိုက်ပျိုးမှု အနေဖြင့် မိုးဦးကျ လယ်ယာလုပ်ငန်းခွင် ဝင်ရောက်ချိန်မှစ၍ အလုပ်သမား ရှားပါးမှုကို စတင်ကြုံတွေ့ရသည်။
ကောက်စိုက် သမများ ရှားပါးလာနေပြီး ကျေးရွာ တစ်ရွာလုံးတွင်ပင် ကောက်စိုက်သမ မလုံလောက်၍ အခြား ကျေးရွာမှ ကောင်စိုက်သမများနှင့် ပူးပေါင်း စိုက်ပျိုး နေရကြောင်း ဧရာဝတီတိုင်း သာပေါင်းမြို့နယ်၊ ဆီဆုံကျေးရွာမှ လယ်ဧက ၂၀ စိုက်ပျိုးသော လယ်သမား တစ်ဦးက ပြောပြသည်။
“ဟိုဘက်တွေမှာ အလုပ် သွားလုပ်ကုန်တော့ ရွာမှာက ကောက်စိုက်သမ ၁၀ ယောက်ရှိရင် ဟိုဘက်ရွာက ကောက်စိုက် သမ ၁၀ ယောက်လောက် ခေါ်ပြီးစိုက်တယ်။ ပြီးရင် ဒီကပြန်လိုက်တယ်။ အဲဒီလိုလေး လှည့်ပတ်စိုက်ရတယ်။ အရင်လို ကောက်စိုက်သမ မများတော့ဘူး။ အခြားနေရာတွေကို ရောက်နေကြတော့ လုပ်သားသိပ်မရှိ တော့ဘူး” ဟု ၎င်းက ဆိုသည်။
ဧရာဝတီတိုင်း အတွင်း ကောက်စိုက်သမ တစ်ဦးလျှင် ၁ ရက် လုပ်အားခ ကျပ် ၆,၀၀၀ ရရှိသည်။ လယ်ဧက ပိုင်ဆိုင်မှု များသူက ၆,၀၀၀ ကျပ်အထက် တိုးပေးနိုင်သော်လည်း လယ် ၁ ဧကသာ ပိုင်ဆိုင်သူများကမူ တိုးပေးနိုင်ခြင်း မရှိပေ။ ထို့ကြောင့် ပျမ်းမျှနှုန်း ကျပ် ၆,၀၀၀ သာ ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။
“အဓိကကတော့ အခြေခံ လုပ်ခလစာ နည်းတာ၊ ကိုယ့်ထမင်းကိုယ်စား ၆,၀၀၀ ပဲ ပေးနိုင်တယ်။ ပုံမှန်ပေါ့။ လယ်စိုက်ချိန် ဆိုတော့ အမြဲတမ်း၊ တစ်နွေလုံး အလုပ်မပေး နိုင်ဘူး ဆိုတော့ ရှားတယ်။ ဆန် တစ်ပြည် ကျပ် ၃,၀၀၀ အထက် အချိန်မှာ ၆,၀၀၀ ပဲ ဆိုတော့ မလုပ်နိုင်ကြဘူး”ဟု တောင်သူ တစ်ဦးကလည်း ပြောပြသည်။
ထိုသို့ လယ်ယာလုပ်ငန်းခွင် ပြန်စချိန်တွင် လယ်ယာ အလုပ်သမား၊ ကောက်စိုက်သမများ မရှိသဖြင့် ထွန်စက်ငှား လုပ်နေရပြီး လယ်ယာလုပ်သား ရှားပါးနေသည်ဟုလည်း လယ်ဧက ၂၀ ပိုင်ဆိုင်ထားသည့် တောင်သူက ဆိုသည်။
စစ်တပ် အာဏာသိမ်းမှုကြောင့် နိုင်ငံအတွင်း အဘက်ဘက်က ထိခိုက်ဆုံးရှုံးမှုများတွင် လယ်ယာကဏ္ဍလည်း တစ်ခု အပါအဝင် ဖြစ်သည်။ စိုက်ပျိုးရေး လုပ်ငန်းခွင်မှ လူငယ် လယ်သမားများ အပါအဝင် ကောက်စိုက်သမများသည် ရွှေ့ပြောင်း အလုပ်သမားများ အဖြစ် ရေကြည်ရာမြက်နုရာကို ပြောင်းရွှေ့ လုပ်ကိုင်နေကြရသည်။
စိုက်ပျိုးရေး လုပ်ငန်းများတွင် အမျိုးသားများသာမကဘဲ အဓိအားဖြင့် အမျိုးသမီး လုပ်အားလည်း အသုံးပြုမှု များပြားသည်။ ကောက်စိုက်၊ ပျိုးနုတ်၊ ပေါင်းနုတ် အလုပ်များ လုပ်ကြရသည်။
စိုက်ပျိုးရေးလုပ်ငန်းသည် လွယ်ကူခြင်းမရှိသလို ပင်ပန်းသလောက် အကျိုးခံစားမှု နည်းပါးခြင်းကြောင့် လူအများစုက လုပ်ကိုင်လိုခြင်း မရှိတော့ကြောင်း သိရသည်။
တတ်နိုင်သူများက နိုင်ငံခြားထွက် အလုပ်လုပ်ကြသလို တချို့ကမူ ချေးငှား၍ အလုပ်သွားရောက်လုပ်ကိုင်ကြသည်။ တချို့က လယ်ယာအလုပ်ထက် နှစ်ပတ်လည် အလုပ်ပုံမှန်ရနိုင်သည့် စက်ရုံ၊ အလုပ်ရုံ အလုပ်မျိုးကို ပိုမို ရွေးချယ်လာကြသည်။
“လူငယ်တွေက လယ်ယာအလုပ်ကို မလုပ်ချင်ကြတော့ဘူး။ မြို့ပေါ်တက်ပြီးပဲ စက်ရုံဆင်းချင်ကြတာ” ဟု အသက် ၅၀ ကျော်အရွယ် လယ်ဧက ၂၀ စိုက်ပျိုးထားသည့် လယ်သမား တစ်ဦးက ပြောသည်။
မြို့ပေါ်တက်၍ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ပါက နေ့စား လုပ်ခနှင့် တစ်ရက် လုပ်အားခ ကျပ် ၁၀,၀၀၀ ဝန်းကျင်ကြား ရရှိနိုင်ပြီး ပုံမှန်လည်း အလုပ် ရရှိနေမည် ဖြစ်သည်။
ထို့ကြောင့် စိုက်ပျိုးရေး လုပ်ငန်းခွင်မှ အမျိုးသမီး အများစုသည်လည်း ပုံမှန်ဝင်ငွေရသည့် စက်ရုံအလုပ်ရုံနှင့် အထည်ချုပ် လုပ်ငန်းများ သို့ ပြောင်းရွှေ့ လုပ်ကိုင်ကြကြောင်း လယ် ၁၅ ဧက စိုက်ပျိုးသူ လယ်သမားတစ်ဦးက ဆိုသည်။
“အစအစ အရာရာ အကုန် ကိုယ်တိုင် လုပ်ရတယ်။ လူငှားသာ ငှားလုပ်ရရင်တော့လား လုပ်ရမှာ မဟုတ်ဘူး။ လူငှား တစ်ယောက်ကို တစ်သောင်း ပေး ခေါ်တာတောင် လုပ်မယ့်သူ မရှိဘူး။ ထိုက်သင့်သလောက်တော့ ပင်ပန်းတာပေါ့။ လူတွေက မလုပ်ချင်ကြဘူး အခုခေတ်က” ဟု ဆက်လက် ပြောကြားသည်။
အစိုးရ အဆက်ဆက်တွင် လယ်ယာကဏ္ဍာ မြှင့်တင်ရေး ကုန်ထုတ်စွမ်းအား မြှင်တင်ရေး ဆောင်ရွက်သော်လည်း မိရိုးဖလာ ထွန်ယက်စိုက်ပျိုးရေး အဆင့်ကနေ စက်မှုလယ်ယာ အဆင့် Agriculture 4.0 သို့ ရောက်ရှိလာခြင်း မရှိခဲ့ပေ။
ထို့ပြင် လက်ရှိ တောင်သူ လယ်သမားများသည် အစိုးရ၏ စိုက်ပျိုးစရိတ် ချေးငွေ (အမတော်ကြေး) အဖြစ် တစ်ဧက ကျပ် တစ်သိန်းခွဲသာ ရရှိပြီး ထိုချေးငွေဖြင့် မလုံလောက်သဖြင့် ပြင်ပတွင် အတိုးပေး၍ ချေးငှားပြီး လယ်စိုက်ပျိုးရကြောင်းလည်း တောင်သူများက ပြောသည်။
လယ်ဧက ၂၀ ခန့်အထိ ပိုင်ဆိုင်ထားသော လယ်သမား အများစုတွင် ထွန်စက်တစ်လုံးပင် ပိုင်ဆိုင်နိုင်ခြင်းမရှိပေ။
ထိုသို့ လယ်ယာလုပ်သား ရှားပါးလာ၍ လယ်ယာသုံး စက်ပစ္စည်း အသုံးပြု စိုက်ပျိုးရန် အတွက်လည်း ထွန်စက် ငှားရမ်းကြရပြီး ငွေအရင်းအနှီး များကြောင်း တောင်သူများက ပြောကြားသည်။
“မြေပြင်ဖို့က ထွန်စက်က ငှားထွန်းရတယ်၊ ကိုယ့်မှာမရှိတော့ တစ်ဧကကို တစ်ထပ် မောင်းရင် လေးသောင်းခွဲ ပေးရတယ်။ တစ်ဧကကို သုံးခါ မောင်းရတယ်။ ပထမ တစ်ခါ စက်ကြီးနဲ့ခွဲတယ်။ နောက်တစ်ခါ ခွေးကုတ်နဲ့ ပြန်ကုတ်တယ်။ နောက်တစ်ခါ ပြန်ကုတ်တယ်။ ဗန်းနဲ့ရော သုံးထပ်လောက် လုပ်ရတယ်”ဟု လယ်ဧက ၂၀ ပိုင်ဆိုင်သူ လယ်သမား တစ်ဦး ကလည်း ပြောပြသည်။
ထို့ကြောင့် လယ်မြေ စတင် ပြုပြင်မည်ဆိုပါက တစ်ဧကကို ကျပ် ၁၀၀၀၀၀ (တစ်သိန်း) ကျော် စတင်ကုန်ကျမည် ဖြစ်သည်ဟု ဆိုသည်။
စက်သုံးဆီဈေး၊ သွင်းအားစု ဓာတ်မြေဩဇာဈေးများ အပါအဝင် ကောက်စိုက်သမ စရိတ်များ အားလုံး ပေါင်းလိုက်လျှင် လယ်တစ်ဧကို ကုန်ကျစရိတ် ကျပ် ၆၀၀၀၀၀ (ခြောက်သိန်း) ကျော် ရှိကြောင်းလည်း တောင်များ ထံက သိရသည်။
ပြီးခဲ့သည့်နှစ်တွင် ဓာတ်မြေဩဇာ ဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့သည်။ ပုလဲ ဓာတ်မြေဩဇာ တစ်အိတ်လျှင် ကျပ် ၁၃၀၀၀၀ (တစ်သိန်း သုံးသောင်း) ကျော် ရှိသည်။ ကွန်ပေါင်း တစ်အိတ်လျှင် ကျပ် ၁၀၀၀၀၀ ( တစ်သိန်း) နီးပါး ဖြစ်ပေါ်ခဲ့သည်။
ယခုနှစ်တွင်မူ စစ်ကောင်စီက တောင်သူ လယ်သမားများအား ဒေသဆိုင်ရာ အာဏာပိုင်များမှတဆင့် ဓာတ်မြေဩဇာများ ကို တစ်အိတ်လျှင် ကျပ် ၇၀၀၀၀ (ခုနစ်သောင်း)မှ ၈၀၀၀၀ (ရှစ်သောင်း) ကြား ဝန်းကျင် ရောင်းချပေးမည်ဟု ဆိုသည်။
“(စစ်ကောင်စီက) ဓာတ်မြေဩဇာ ၇ လပိုင်းကုန်မှာ ထုတ်ပေးမယ်။ အခု ၇ သောင်း၊ ၈ သောင်း။ သူတို့ မထုတ်ပေးလို့ ၂၀၂၂ မိုးမှာ တစ်အိတ်ကို တစ်သိန်း သုံးသောင်းလောက် ရှိတယ်။ သူတို့ ထုတ်ပေးရင် ဈေးကျတယ်။ ဈေးကွက်ထဲမှာ ပေါသွားတယ်။ လိုအပ်သလောက်လေးပဲ၊ နည်းနည်းပဲ ဝယ်ရတော့မှာ”ဟု လယ်သမားတစ်ဦးက ပြောသည်။
စပါးဈေးမှာလည်း ဧပြီလ နွေစပါးပေါ်ချိန် တောင်သူလက်ထဲ စပါးများရှိနေချိန်တွင် စပါး တင်း ၁၀၀ လျှင် ကျပ် ၁၄ သိန်းဖြင့် ဝယ်ယူကြပြီး နောက် မေလပိုင်းတွင် စပါးတင်း ၁၀၀ လျှင် ကျပ် သိန်း ၂၀ ကျော်အထိ ပေါက်ဈေး ဖြစ်ပေါ်ကြောင်း ဆန်၊ စပါး ဈေးကွက်မှ သိရသည်။
“လယ်တစ်ဧကကို ခြောက်သိန်းလောက် ကုန်ကျတယ်။ ပြန်ထွက်လာရင် ၁၀ သိန်း ၁၁ သိန်းရလည်း ကုန်ဈေးနှုန်း တက်တာနဲ့ မကျန်ဘူး။ ပြန်ဝယ်စားရမယ့် ဟင်းစားတွေက အကုန်တက်သွားတယ်။ ကျန်တဲ့စရိတ်တွေက သုံးဆလောက် မြင့်သွားတယ်။ နည်းတဲ့သူ အတွက် စားဖို့ပဲ။ တကယ်လို့ ကျန်းမာရေး အတွက်ဆို မဖြစ်နိုင်ဘူး” ဟု လယ် လေးဧက ပိုင်ဆိုင်သူ လယ်သမားတစ်ဦးက ပြောကြားသည်။
လယ်ယာစိုက်ပျိုးရေး လုပ်ငန်း အဆင့်ဆင့်တွင် မြေပြုပြင်ခြင်း၊ ပျိုးကြဲခြင်း၊ ပျိုးနုတ်၊ ကောက်စိုက်ခြင်းများ ပြုလုပ်ရပြီး အပင် ကြီးထွားလာပြီးနောက်တွင် အနှံထွက်၊ သီးပွင့်၊ ရင့်မှည့် ရိတ်သိမ်းချိန်တို့ ဖြစ်သည်။
စပါးများ ရင့်မှည့်ပြီး ရိတ်သိမ်းချိန်တွင် အလုပ်သမားများစွာ လိုအပ်လာသည်။ စပါး ရိတ်သိမ်းချိန်တွင် လယ် တစ် ဧက အတွက် ကောက်ရိတ်လုပ်သား ၁၅ ယောက်မှ ၂၀ အထိ လိုအပ်ကြောင်းလည်း တောင်သူများထံက သိရသည်။
“လယ်လုပ်ဖို့ အလုပ်သမား ရှားပါးတာက တော်တော်ရှားတယ်။ အခုဆို လယ်စတဲ့ အချိန်တွေ ဆိုလို့ရှိရင် ကန်သင်း တင်တာ၊ ဆေးဖြန်းရတာတွေ စလုပ်ရတယ်။ အဲဒါတွေက အလုပ်သမား ရှားပေမယ့် အဆင်ပြေတယ်။ ဒီလိုပဲ နှစ်ယောက် သုံးယောက်နဲ့ ကြည့်လုပ်ရတယ်။ အဲဒါပြီးတော့ ရိတ်သိမ်းချိန်ကျရင် တော်တော်ဒုက္ခပေးတယ်၊ ရိတ်သိမ်းမယ့်သူ မရှိဘူး” ဟု လယ် လေးဧက စိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြောပြသည်။
သီတင်းကျွတ်ကာလ ရိတ်သိမ်းချိန်တွင် ရိတ်သိမ်း ခြွေလှေ့စက်ကို နေရာတိုင်းတွင် မသုံးနိုင်သဖြင့် စပါးရိတ် ခြွေနိုင်မည့် လုပ်သား လိုအပ်သည်ဟုလည်း ဆိုသည်။
ထို့ပြင် ထမ်းပိုးမည့် လုပ်သား၊ နေလှမ်းချိန် နှင့် ကောက်လှိုင်း ထမ်းရန် အချိန်တွင် အလုပ်သမား ရရှိရန် ခက်ခဲကြောင်း လည်း ၎င်းက ဆက်လက် ပြောဆိုသည်။
ယမန်နှစ်က လယ်လုပ်ငန်း လုပ်ကိုင်ခဲ့သည့် လူငယ်များ ယခုနှစ်တွင် မရှိတော့ဘဲ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် ထွက်သွားကြပြီ ဖြစ်ကြောင်း သိရသည်။
“ငယ်ရွယ်တဲ့သူတွေက နိုင်ငံခြားသွားတယ်။ ကျွန်တော့်ဆီမှာ မနှစ်ကလုပ်တဲ့ သူတွေဆို အကုန် ထိုင်းကို ထွက်သွားတယ်။ အခုကျန်တာ အသက်ကြီးပိုင်းတွေပဲ ကျန်တယ်”ဟု လယ် လေးဧက စိုက်ပျိုးသည့် တောင်သူက ပြောသည်။
ရွာထဲတွင် နိုင်ငံခြားလည်း မသွားနိုင်၊ စက်ရုံအလုပ်လုပ်လည်း မလုပ်ကိုင်နိုင်သော အသက် ၄၀ မှ ၆၀ ကြား သက်ကြီးပိုင်း များသာ ကျန်ရှိတော့သည် ဟုလည်း ဆိုသည်။
“အထည်ချုပ် လုပ်ငန်းတွေမှာလည်း မလုပ်တတ်ဘူး။ နိုင်ငံခြားလည်း မသွားတတ်ဘူး။ ၄၀၊ ၅၀၊ ၆၀ ကြားထဲက လူပဲ ကျန်တယ်။ အဲဒီလို လူတွေနဲ့ပဲ လုပ်ရတယ်”ဟု လယ် လေး ဧက ပိုင်ဆိုင်သည့် နောက်ထပ်တောင်သူတစ်ဦးကလည်း ပြောသည်။
မြန်နိုင်ငံတွင် လူဦးရေ ၅၄ သန်းကျော် ရှိကြောင်း သိရပြီး အဆိုပါ စာရင်းများတွင် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ်အတွင်း လယ်ယာ ကဏ္ဍာတွင် အလုပ်လုပ်ကိုင်သူ ဦးရေ ၁ ဒသ ၅၂ ရာခိုင်နှုန်း အထိ ကျဆင်းသွားကြောင်း စစ်ကောင်စီ၏ အလုပ်သမား ဝန်ကြီးဌာနမှ ထုတ်ပြန်သော ၂၀၂၂ – ၂၀၂၃ ခုနှစ် လုပ်သား အင်အား ခန့်မှန်း စာရင်းအင်းများ အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၂၀ ပြည့်နှစ်တွင် လူဦးရေ၏ ၄၈ ဒသမ ၁၀ ရာခိုင်နှုန်း၊ ၂၀၂၁ ခုနှစ်တွင် ၄၇ ဒသမ ၅၆ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ်တွင် ၄၇ ဒသမ ၀၆ ရာခိုင်နှုန်းနှင့် ၂၀၂၃ ခုနှစ်တွင် ၄၆ ဒသမ ၅၈ ရာခိုင်နှုန်း ကျဆင်းသွားကြောင်းလည်း ယင်း အစီရင်ခံစာတွင် ပါဝင်သည်။
ထိုသို့ လယ်ယာလုပ်သား ရှားပါးမှု များနေသော်လည်း ယခု မိုးရာသီတွင် ဧရာဝတီတိုင်း အတွင်း မိုးစပါးစိုက်ဧက အပြည့် စိုက်ပျိုးနိုင်ကြောင်း ခန့်မှန်း ပြောဆိုမှုများလည်း ရှိနေသည်။
သို့သော် ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ်တွင် ဧရာဝတီတိုင်း၌ နှစ်စဉ် မိုးစပါးဧက ၃၇ သိန်းကျော် စိုက်ပျိုးရန် လျာထားရာ ဇူလိုင်လ နောက်ဆုံးပတ် အထိ မိုးစပါးစိုက်ဧက ၁၆ သိန်းကျော် စိုက်ပျိုးနိုင်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာနက ဆိုသည်။
စိုက်ပျိုးရေး ကဏ္ဍနှင့် စားနပ်ရိက္ခာ ဖူလှုံရေးသည် ချိတ်ဆက်လျက် ရှိနေပါသည်။
ထို့ကြောင့် စိုက်ပျိုးရေး လုပ်သား ရှားပါးမှုနှင့် စားနပ်ရိက္ခာ ဖူလှုံရေးကို ထိခိုက်စေနိုင်သည့် လက်ရှိ အခြေအနေအရ မြန်မာပြည်၏ စပါးကျီကို မည်ကဲ့သို့ ဖြည့်တင်းကြမလဲ ဟုသာ မေးခွန်း ထုတ်ရမည်ဖြစ်သည်။
စစ်တပ်၏ အာဏာသိမ်းမှုနှင့်အတူ စက်မှုလယ်ယာ ကဏ္ဍကို အကောင်အထည် မဖော်နိုင်ခင် စက်သံပြင်းပြင်း မြေကန်သင်းပေါ်မှ ကောက်စိုက်သမများနှင့် အတူ လယ်ယာ လုပ်သားများ ပျောက်ကွယ်သွားမည် အရေး တွေးဆရတော့မည်ဖြစ်သည်။
မိုးရနံ့နှင့်အတူ လယ်ကွင်းပြင်များဆီက ပျံလွင့် ထွက်ပေါ်လာတတ်သည့် မိန်းမပျို ကောက်စိုက်သမလေးများ၏ တေးသံများကို ယခင်ကကဲ့သို့ ကြားရနိုင်ဖို့ လွယ်ကူမည်မဟုတ်တော့ပေ။
#မြန်မာပြည်၏စပါးကျီ #စိုက်ပျိုးရေးလုပ်သားရှားပါးမှု #စက်သံပြင်းပြင်းမြေကန်သင်း #ကောက်စိုက်သမများ #သတင်းဆောင်းပါး #Ayeyarwaddy_Times