ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၅ ရက်
ယာဉ်စည်းကမ်းမလိုက်နာဟုဆိုကာ ဆိုင်ကယ်များကို ဖမ်းဆီးပြီး ခြိမ်းခြောက်ငွေညှစ်မှုများကို ဧရာဝတီတိုင်းမ် လေးမျက်နှာမြို့ခံများ ခံစားနေရကြောင်း သတင်းရရှိသည်။
လေးမျက်နှာမြို့တွင်းရှိ လမ်းဆုံလမ်းခွနေရာများ၌စစ်ကောင်စီတပ်၊ရဲနှင့်ယာဥ်ထိန်းရဲ တို့မှ ဆိုင်ကယ်မောင်းနှင်သူများကို ယာဥ်စည်းကမ်းထိန်းသိမ်းရေးဟု အကြောင်းပြကာဖမ်းဆီးပြီးနောက် တစ်ဦးလျှင် ငွေကျပ် နှစ်သောင်းမှ သုံးသောင်းကျပ်အထိ တောင်းခံနေကြောင်း မြို့ခံတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
” အခုတလောဦးထုတ်မဆောင်းတဲ့သူတွေနံပါတ်ပြားမပါတာတွေနဲ့နောက်ကြည့်မှန်မပါတဲ့ဆိုင်ကယ်တွေကို ဖမ်းတာစိပ်လာတယ်။မြို့ထဲက လမ်းဆုံနေရာတွေမှာ နှစ်ဖက်ညှပ်ပြီးဖမ်းနေတာ။ မိသွားရင်လည်းတစ်ယောက်ကိုနှစ်သောင်းတောင်းတယ်။တချို့ဆို သုံးသောင်း ပေးလိုက်ရတယ်။အဖမ်းခံရတဲ့နေရာမှာတခါထဲဆောင်ခိုင်းတာ။တရားရုံးကိုတောင်မခေါ်တော့ဘူး။ချလံလည်းမဖြတ်ပေးဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ကပြောသည်။
အဆိုပါ ဖမ်းဆီးငွေတောင်းခံမှုများကို လေးမျက်နှာမြို့ပေါ်သာမက လေးမျက်နှာ-ကျုံမငေး နှင့် လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းမအနီးကျေးရွာများ၏ အဝင်အထွက်နေရာများ၌လည်း ဖမ်းဆီးမှုများပြုလုပ်နေပြီးဒဏ်ကြေးမဆောင်နိုင်သူများကို ပြန်ပေးဆွဲပုံစံဖမ်းဆီးထားကာ နေအိမ်များထံဆက်သွယ်အကြောင်းကြား၍ ငွေညစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း သိရသည်။
” မြို့ထဲမှာပဲဖမ်းနေတာမဟုတ်ဘူး။ ရွာအဝင်အထွက်နေရာကိုလာဖမ်းနေတာ။ပိုက်ဆံမပါရင်ဖမ်းခံရတဲ့နေရာမှာပြန်ပေးဆွဲသလို ခေါ်ထားတယ်။ အိမ်ကိုဖုန်းဆက်ခိုင်းပြီးတော့ငွေညစ်တောင်းတယ်။ သူများကနှစ်သောင်းဆိုရင်မပေးနိုင်တဲ့သူဆိုလေးသောင်းပေးရတယ်။အိမ်ကနေဆိုင်ကယ်ရော လူရောကိုငွေပေးပြီးလာရွေးရတယ်” ဟုဆိုင်ကယ်ဖမ်းဆီးရာတွင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ကျုံပဒိုက်ကျေးရွာသားတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ ဆိုင်ကယ်ဖမ်းဆီးငွေတောင်းမှုများ ပြုလုပ်ရာတွင် တစ်နေ့လျှင်ဆိုင်ကယ်အစီးရေ၁၀၀ ကျော် ဖမ်းဆီးပြီး မြို့နယ်တရားရုံး၊
စစ်ကောင်စီတပ်၊ရဲ၊ယာဉ်ထိန်းရဲနှင့်ပျူစောထီးတို့မှ ခွဲတမ်းချကာ ခွဲယူနေကြောင်း ဒေသခံများက ပြောသည်။
ဓာတ်ပုံ- Social Media
#ယာဉ်စည်းကမ်းမလိုက်နာ #အကြောင်း #ဆိုင်ကယ် #ဖမ်းဆီး #ခြိမ်းခြောက်ငွေတောင်းမှုပြုလုပ် #Ayeyarwaddy_Times