ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇူလိုင်လ ၁၅ ရက်
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ၊နဘုလယ်ဒေသ၊ရေနက်ဆိပ်ကမ်း သို့ဝင်ရောက်လာသော စစ်ကောင်စီ၏ ခုနှစ် စီးပါယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF ထံမှ သိရသည်။
ဇူလိုင်လ ၁၁ ရက် နံနက် ၈နာရီ ၁၀မိနစ်ခန့်အချိန်တွင် ခမရ ၄၀၆ နှင့် ၄၀၇ တပ်ရင်းဘက်မှ ရှမ်းလမ်းအတိုင်း ရန်ကင်းတံတားကို ဖြတ်၍ နဘုလယ်ဒေသ ရေနက်ဆိပ်ကမ်းသို့ ဝင်လာသော စစ်ကောင်စီ ယာဉ်တန်းအား ကြားဖြတ်မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း (KBDF) တပ်ဖွဲ့ထံမှ သတင်းရရှိသည်။
“ကျနော် တို့က သူတို့ ဝင်လာမယ်ဆိုတာ ကြိုတင်သတင်းရထားပါတယ်။ဒါကြောင့် ကြားဖြတ်ပြီး မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။စစ်ကား တစ်စီးက တော့ မိုင်းထိချက်အားကောင်းလို့ လမ်းဘေးသို့ထိုးဝင်သွားပါတယ်။ပြီးမှ တစ်ခြား စစ်ကားတစ်စီးနဲ့လာရောက်ဆွဲယူသွားပါတယ်။စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုတွေများစွာရှိခဲ့တယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ် (KBDF) မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု အတွင်း စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကာ လေးဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါမိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုကို ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KBDF)၊ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၁ (T1) ၊ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ နွေဦးပျောက်ကြားတပ်ဖွဲ့ ၊ DDT တပ်ခွဲ(၃) တို့ကပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ၊ KBDF
#ရေနက်ဆိပ် #စစ်ကောင်စီယာဉ်တန်း #PDFပူးပေါင်းတပ် #ကြားဖြတ်တိုက်ခိုက် #စစ်ကောင်စီတပ်သား၃ဦးသေ
#Ayeyarwaddy_Times