ဧရာ၀တီတိုင်းမ်
ဇူလိုင်လ ၁၅ ရက်
ချင်းပြည်နယ် ၊ ခိုင်ကမ်းမြို့မှ တီးတိန်မြို့နယ်ဘက်သို့ ဇူလိုင်လ ၁၃ ရက်နေ့မှ စတင်၍ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများကြောင့် တွီးဇံရွာနှင့် ပိန်းပိကျေးရွာများမှဒေသခံများ ၁၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
စစ်ကောင်စီတပ်သား အင်အား ၈၀ ခန့်သည် ခိုင်ကမ်းမြို့မှ ခြေလျင်တက် စစ်ကြောင်းထိုးလာသောကြောင့် ပိန်းပိရွာရှိ ဒေသခံများမှာ တောင်ယာခင်းများနှင့် လုံခြုံသည်ဟုယူဆရသည့် နေရာများသို့ လည်းကောင်း တွီးဇံရွာသားအများစုသည် ကလေးမြို့သို့လည်းကောင်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။
“ခိုင်ကမ်းကနေ စစ်ကြောင်းထိုးလာတယ်လို့ သတင်းကြားကြားချင်း အားလုံးကြောက်လန့်ပြီ တောထဲထွက်ပြေးကြတာ။ ဘာမှ လဲ ယူမလာတော့ အရမ်းခက်ခဲပါတယ်။ တောထဲမှာ မိုးကာ မပါ ခြင်ထောင်မပါတော့ ခြင်တော်တော်ကိုက်တယ်။ အိပ်လို့တောင်မရဘူး။ တစ်ရွာလုံးလိုလို ထွက်ပြေးကြတာ ကလေးငယ်တွေ၊ သက်ကြီးပိုင်းကော၊ မီးဖွားခါစတွေပါ ထွက်ပြေးရတာ” ဟု ပိန်းပိရွာသား တစ်ယောက်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒေသခံကာကွယ်ရေးတပ်များသည် သိုင်းငင်းရွာဘက် ကားလမ်းမကြီး အသုံးမပြုရန် ထုတ်ပြန်ထား၍ စစ်ကောင်စီတပ်သားများသည် အခြားနေရာများမှ ခြေလျင်ခရီးဖြင့်စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး လမ်းတွင် အလုပ်လုပ်နေသည့် ခိုင်ကမ်းမြို့ဒေသခံ ငါး ဦးနှင့် အထမ်းဆိုင်ကယ်တစ်စီးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားကြောင်း ဧရာဝတီတိုင်းမ်သတင်းဌာနက စုံစမ်း သိရသည်။
ပိန်းပိရွာသည် ခိုင်ကမ်းမြို့မှ ၁၁ မိုင်ခန့် ကွာဝေးသည့် ချင်းတောင်ခြေရွာ သုံးခုဖြင့် စုဖွဲ့ထားသည့် ချင်းရွာ တစ်ရွာဖြစ်ပြီး ပိန်းပိ၊ ဆွောင်းဒေါ့၊ လမ်းန်မှ လူဦးရေ ၈၅၀ ဝန်းကျင် နှင့် တွီးဇံကျေးရွာမှ လူဦးရေ ၁၄၀ ခန့် နေအိမ်များ စွန့်ခွာ၍ ထွက်ပြေးနေရကြောင်း သိရသည်။
“ကလေးမြို့ကနေ စစ်ကြောင်းထိုးလာတာ ရွာထဲထိတော့ ရောက်မလာသေးဘူး။ ခိုင်ကမ်းဆင်စခန်းနား တဝိုက် ထိရောက်တယ်လို့ကြားတယ်။ ရွာကလူတွေက ကြောက်လို့ အချို့ဆို ကလေးမြို့ဘက်ကိုထွက်ပြေးသွားတယ်။ တစ်ကွဲတစ်ပြားဆီရောက်ကုန်တယ်” ဟု စစ်ရှောင်လာသူ တွီးဇံဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ် ကိုပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့က သိုင်းငင်ကျေးရွာတွင် ချင်းတော်လှန်ရေးတပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ရဲဘော်များက စစ်ကောင်စီစခန်းထိ ဝင်ရောက်နိုင်ခဲ့သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။
#ချင်းပြည်နယ် #ခိုင်ကမ်းမြို့ #စစ်ကောင်စီတပ်သားများ #စစ်ကြောင်းထိုး #တွီးဇန်နှင့်ပိန်းပိကျေးရွာအုပ်စု #ဒေသခံ၁၀၀၀နီးပါး #Ayeyarwaddy_Times