ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ ဇူလိုင်လ ၁၅ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဝါးဒတ်ကွင်းကျေးရွာနှင့် ကညင်အိုင် အကြားတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်က အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး နွားကျောင်းနေစဉ် စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းနင်းမိခဲ့၍ သေဆုံးခဲ့ကြောင်း သိရသည်။

ဝါးဒတ်ကွင်းကျေးရွာ မီးလောင်ကွက်သစ်တွင် နေထိုင်သည့် အသက် ၁၃ နှစ်အရွယ် မောင်အေးချမ်းသည် နွားကျောင်းနေစဉ် စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းနင်း မိ၍ ညာခြေထောက်ပြတ်ဒဏ်ရာ၊ ညာမေးစိအောက် ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“မိုင်းနင်းမိတဲ့နေရာက စစ်ကောင်စီ နေ နေတဲ့နေရာပဲ။ အဲ့ဒီဝါးဒတ်ကွင်းနေရာ တစ်ဝိုက်မှာ စစ်ကောင်စီကမိုင်းတွေ လိုက်ထောင်ထားတာကြာပြီ။ အရင်တစ်ခါ စစ်ကောင်စီတပ်က ရွာချင်းဆက်လမ်းတွေနဲ့ ကားလမ်းမတွေကို ဖျက်ဆီးပြီး လမ်းဘေးတွေမှာ မိုင်းတွေ လိုက်ထောင် ထားခဲ့တာ။ အဲ့ဒီနေရာက သိမ်ဇရပ် ခလရ(၂၀၇)တပ်ရင်းနဲ့လည်း နီးနီးလေးပဲ” ဟု သထုံခရိုင် PDF တာဝန်ရှိသူ ကိုအေးမင်းထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသူ မောင်အေးချမ်းမှာ မိသားစုစားဝတ်နေရေးအတွက် နွားအငှားကျောင်းနေသူဖြစ်ပြီး မိခင်ဖြစ်သူမှာလည်းကိုယ်ဝန်သည်တစ်ဦးဖြစ်ကာ မောင်အေးချမ်း၏ ရုပ်လောင်းကို ဇူလိုင်လ ၁၄ ရက်‌နေ့နံနက်ပိုင်းတွင် ဝါးဒတ်ကွင်းကျေးရွာသို့ပြန်လည် သယ်ဆောင်သွားကြောင်း သိရသည်။

‌ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံတပ်ရင်းများ၊ ရဲစခန်းများ၊ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ မကြာခဏတိုတ်ခိုက်ခံရမှုများကြောင့် စစ်ကောင်စီသည် ၎င်းတို့၏ တပ်စခန်းများကို လုံခြုံရေးပိုမိုတင်းကျပ်ခြင်းများ လုပ်ဆောက်လျက်ရှိသည်။ ၎င်းတို့၏ စခန်းပတ်ဝန်းကျင်တွင်လည်း မြေမြှုပ်မိုင်းများထောင်ထားပြီး ၎င်းတို့ကိုယ်တိုင်ပင် အမှတ် အသားများ ကြည့်ရှု့ကာ ဂရုစိုက်သွားလာနေရကြောင်း ကျိုက်ထိုဒေသခံများထံက သိရသည်။

ဓာတ်ပုံ – ပေးပို့။

#မွန်ပြည် #ကျိုက်ထို #သိမ်ဇရမ် #စစ်ကောင်စီတပ် #မြေမြုပ်မိုင်း #အသက်၁၃နှစ်ကလေး #မိုင်းနင်းမိသေဆုံး #Ayeyarwaddy_Times