ဧရာဝတီတိုင်းမ်
(ညောင်လေးပင်)၊ ဇူလိုင်လ ၁၅ ရက်

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ တော်ဝိကျေးရွာ အနီးတွင် ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့၊ မွန်းလွဲ ၂ နာရီဝန်းကျင်မှစတင်၍ စစ်ကောင်စီတပ်များနှင့် ဝောာ်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ ကြောင်း Spring Warriors Column စစ်ကြောင်း ထံကသိရသည်။

ညောင်လေးပင်မြို့နှင့် ပိန်းဇလုပ်မြို့ကြားရှိ တော်ဝိကျေးရွာ အနီးသို့ စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်မှုကို အသေးစိတ် မသိရှိရသေးသော်လည်း စစ်ကောင်စီ တပ် အရာရှိအပါအဝင် တပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုများရှိနေကြောင်း သိရသည်။

“စစ်ကောင်စီဘက်က အထိအခိုက်များတယ်။ အရာရှိတစ်ယောက်ထိထားတယ်လို့သိရတယ်။ တိုက်ပွဲစဖြစ်တာကတော့ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာလို့ပါ။ လမ်းများအားလုံး နေပြည်တော်သို့ ဆိုတဲ့အတိုင်း ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်” ဟု တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဒုစစ်ဒေသခွဲမှူး ဦးတင်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် ယခုအခါတွင် တော်ဝိကျေးရွာအတွင်း တပ်စွဲထားပြီး တိုက်ပွဲ ဖြစ်ပွားသည့်နေရာများအပြင် ကောက်မယ်သူရွာ၊ ချုံအင်းရွာ၊ ရေတွင်းကြီးရွာ၊ အင်ကုန်း ရွာနှင့် အင်ပရီရွာများအတွင်းသို့ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် မှုများပြုလုပ်‌နေ သည့်အတွက် ဒေသခံနေအိမ်တစ်ချို့ ပျက်စီးမှုများရှိ နေကြောင်းလည်း Spring Warriors Column မှ ထုတ်ပြန်ထားသည်။

ထို့ပြင် အဆိုပါတိုက်ပွဲဖြစ်ပွားရာနေရာမှာ ရန်ကုန်နှင့် နေပြည်တော်ကြားရှိ အရေးပါသည့် နေရာတစ်ခုဖြစ်ပြီး စစ်ရေးအရအချက်အခြာကျကာ ခြိမ်းခြောက်မှုပေးနိုင်သည့် နေရာ တစ်ခုဖြစ်ကြောင်းလည်း သိရသည်။

စစ်ရေးအရှိန်မြှင့်တင်တော့မည် ဖြစ်သည့်အတွက် ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမ၊ ပဲခူး-စစ်တောင်း လမ်းပိုင်းများတွင် ည ၆ နာရီမှ မနက် ၆ နာရီအတွင်း ခရီးသွားပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်းမပြုရန် တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – Spring Warriors Column
#ပဲခူတိုင်း #ညောင်လေးပင် #ပိန်းဇလုပ် #စစ်ကောင်စီ #တိုက်ပွဲ #PDF #SpringWarriorsColumn #Ayeyarwaddy_Times