နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၅ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ၊ပညာရေးကောလိပ် သာစည်လမ်းအရှေ့ အမှတ် (၇)လမ်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်အနီးရှိ အိမ်တစ်အိမ်တွင် ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ဓားပြတိုက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၇ နာရီခန့်က ဓားပြတိုက်ခံရခြင်းဖြစ်ပြီး ကျပ် သိန်း ၂၀၀ ခန့် တန်ဖိုးရှိ ပစ္စည်းများ အတိုက်ခံခဲ့ရကြောင်း သိရသည်။

“ ဒီမနက် အစောကြီးက ဖြစ်သွားတာပါ။ ရွှေငွေတွေအပြင် ဆိုင်ကယ်တစ်စီးပါ ပါသွားတာ။ စုစုပေါင်း သိန်း ၂၀၀ ဖိုးလောက် ပါသွားတယ်လို့ သိရတယ်။ အဲ့ဒီနားမှာ စစ်ကောင်စီ တပ်ဂိတ်ရှိနေလို့ အသေးစိတ်ကိုတော့ မမေးရဲဘူး။ စစ်တပ်ဂိတ်ရှိရဲ့သားနဲ့ အတိုက်ခံရတာ” ဟု အသက် ၄၀ ခန့်ရှိ ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဓားပြတိုက်ခံရသည့် အိမ်သည် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်အနီးတွင် ရှိနေပြီး အဆိုပါဖြစ်စဥ်ကို မသိရှိစေရန် သတင်းထိန်ချန်ထားကြောင်း ဒေသခံအမျိုးသမီး ကဆိုသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ပေါ်ရှိ စစ်ကောင်စီတပ်သည် လူနေရပ်ကွက်များနှင့် အနီးတစ်ဝိုက် ကျေးရွာများကို စစ်ကြောင်းထိုးကင်းပတ်ခြင်းများ နေ့စဥ်ပြုလုပ်နေပြီး ဒေသခံများနှင့် ခရီးသွားပြည်သူများ၏ လက်ကိုင်ဖုန်းများကို ခေါ်ယူ စစ်ဆေးမှု များ ပြုလုပ်နေကြောင်း ဒေသခံများထံ ကသိရသည်။

#မုံရွာမြို့ #စစ်ကောင်စီဂိတ်အနီး #ဓားပြတိုက် #Ayeyarwaddy_Times