ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၅ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ် နိဗ္ဗာန်တိုက်နယ်ရှိ နေအိမ် ၃ လုံးကို စစ်ကောင်စီတပ်က ဇူလိုင်လ ၁၃ ရက်နေ့က လိုက်လံချိပ်ပိတ် သိမ်းဆည်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကိုင်းတောကွင်းအုပ်စု၊ အုန်းပင်စုကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့များက နေအိမ် ၃ လုံးကို တစ်ရက်ထဲ လိုက်လံချိပ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများမှပြောသည်။

“ဇွန်လတုန်းက PDF တွေကို လက်နက်ထောက်ပံနေတယ်ဆိုပြီး စွတ်စွဲခံရတာ၊ သာမာန်လက်လုပ်လက်စားတွေပဲ။ အဖမ်းမခံနိုင်ဘူးဆိုပြီးရှောင်သွားကြတာ၊ ခုဖမ်းမမိလို့ အိမ်တွေကို ချိတ်လိုက်ပိတ်တာ”ဟုဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်သို့ပြောသည်။

မတရားအမှုဆင် ဖမ်းဆီးခံရသဖြင့်ထွက်ပြေးတိမ်းရှောင်နေရသူများဖြစ်သည့် အုန်းပင်စုကျေးရွာတွင်နေထိုင်သည့် ကိုခင်ရွှေ၊ မသန်းသန်းဌေး၊ ကိုကျော်မိုးတို့၏ နေအိမ်(၃)လုံးကိုချိပ်ပိတ်ခံရခြင်းဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။

လက်ရှိနေထိုင်နေသည့် မိသားစုဝင်တွေအားလုံးကို ဖယ်ရှားခိုင်းလိုက်သဖြင့် နေထိုင်ရေးအခက်အခဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဟင်္သာတမြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန်ကျင်ဆန္ဒပြပွဲများမှာပါ၀င်ခဲ့တာကြောင့်တိမ်းရှောင်နေရသော ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ကို ကူညီသည်ဟုစွပ်စွဲ ခံရသူများ၏ နေအိမ် စုစုပေါင်း ၃၀ ကျော်ကိုစစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

#ဟင်္သာတမြို့နယ် #နေအိမ်ချိပ်ပိတ် #‌ဒေသခံနေအိမ်သုံးအိမ် #စစ်ကောင်စီတပ် #‌ဒေသခံ #Ayeyarwaddy_Tims