ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၅ ရက်
အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ ဒီမိုကရေစီအုပ်ချုပ်ရေး ပြန်လည်ရရှိရေး အာဏာသိမ်းစစ်ကောင်စီအပေါ် ဖိအားတိုးပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အာဆီယံအဖွဲ့ကို တိုက်တွန်းလိုက်ပါ တယ်။
အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့နဲ့ စစ်တပ်က ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် ရက်စက်သောအုပ်ချုပ်ရေးနဲ့ အုပ်ချုပ်နေတဲ့မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိစေမယ့် နည်းလမ်းတစ်ခုအဖြစ် ဘုံသဘောတူညီချက် ၅ ရပ်ကို ဖော်ဆောင်ဖို့ အရေးကြီးတယ်လို့ ဂျကာတာမြို့ တော်မှာပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ အန်တိုနီဘလင်ကန်က မိန့်ခွန်းအတွင်း ထည့်သွင်းပြောပါတယ်။
“မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ရေး၊ အာဆီယံ ဘုံသဘောတူညီချက် ဖော်ဆောင်ရေးနဲ့ ဒီမိုက ရေစီလမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းရေးအတွက် ကျွန်တော်တို့ စစ်ကောင်စီကို ဖိအားပေးရမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ ခုနှစ် ဧပြီလအတွင်း အာဆီယံအဖွဲ့နဲ့ ဘုံသဘောတူညီချက် ၅ ရပ် သဘောတူခဲ့ပေမယ့် ဖော်ဆောင်မှုအပိုင်းမှာ တိုးတက်မှုအနည်းငယ်သာရှိခဲ့ပါတယ်။
ပဋိပက္ခအရှိန်မြှင့်လာခဲ့ပြီး တိုင်းပြည်တစ်ဝှမ်း ပျံ့နှံ့သွားခဲ့ကာ ဂျကာတာမြို့တော်မှာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာ့အရေးကို အဓိကထား ဆွေးနွေးရသည်အထိ ဖြစ်လာခဲ့ပါတယ်။
ကုန်သွယ်ရေး၊ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုလိုမျိုး နယ်ပယ်အသီးသီးမှာ အမေရိကန်နဲ့အာဆီယံကြား အရေးပါတဲ့ မိတ်ဖက်ဆောင်ရွက်မှုတွေကိုလည်း အစည်းအဝေးမှာ အန်တိုနီဘလင်ကန်က မီးမောင်းထိုးပြခဲ့ပါ တယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားခြိမ်းခြောက်မှု၊ တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ ရေ ကြောင်းမောင်းနှင်ခွင့်၊ ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်ရေးနဲ့ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကိုလည်း သူက ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
ဂျကတာအစည်းအဝေးရဲ့ ဘေးပန်းအဖြစ် အန်တိုနီဘလင်ကန်က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာ ရော့ဗ်၊ တရုတ်ထိပ်တန်းသံတမန် ဝမ်ယိတို့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ကိုးကား – La Prensa Latina
Ref; US urges Asean to press Myanmar’s military junta on restoring democracy