ဧရာဝတီတိုင်းမ်
ကျုံပျော် ၊ ဇူလိုင် ၁၅ ရက်

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်တွင်စိုက်ပျိုးရေးစရိတ်ချေးငွေပြန်ဆပ်ရန် ကျန်ရှိနေသည့်လယ်သမား ၈၀၀ ကျော် ကို လယ်သိမ်း၍ ထောင်ချမည်ဟု လယ်ယာစိုက်ပျိုးရေးဘဏ်မန်နေဂျာက ခြိမ်းခြောက်ပြောဆိုမှုများရှိနေကြောင်း ဒေသခံလယ်သမားများထံကသိရသည်။

လယ်ယာစိုက်ပျိုးချေးငွေများကို ဇူလိုင်လ ၁၄ရက် နောက်ဆုံးထားအကြွေးအကျေပေးဆပ်ရန်နှင့်လာမဆပ်ပါကပိုင်ဆိုင်သည့်လယ်ယာများအားလုံး​အပေါ်လယ်ယာမြေဥပဒေ (၄၉)၊(၅၀)အရအမည်ပေါက်ပုံစံ(၇)ကိုလေလံတင်ရောင်းချကာ ဥပဒေအရ တရားစွဲအမှုဖွင့်အရေးယူမည်ဟုဆိုကာမြို့နယ်လယ်ယာစိုက်ပျိုးရေးဘဏ်မန်နေဂျာမှခြိမ်းခြောက်အကြောင်းကြားစာပေးပို့လာကြောင်းကုန်းစုကျေးရွာ ဒေသခံလယ်သမားတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

” လယ်စိုက်ဘဏ်က အကြောင်းကြားစာပို့လာတယ်။ ဒီနေ့နောက်ဆုံးထားပြီးတော့စိုက်ချေးငွေပေးဖို့ပေါ့။အခြားရွာတွေဘက်လည်းစာအပို့ခံရတယ်။ ကျွန်တော်ကစိုက်ပျိုးချေး ငွေ ငါးသိန်း ပေးဖို့ရှိနေတာ။ ဒီနှစ်နွေစပါးစိုက်တာအရှုံးပေါ်တာလည်းပါတယ်။အခုမိုးစပါးစိုက်ဖို့တောင်အသိတွေဆီ လိုက်ချေးပြီးတော့မှစိုက်နေရတာ။အခုကမပေးဘူးဆိုရင် လယ်လည်းသိမ်းမယ် လူပါဖမ်းဆီးမယ်ခြိမ်းခြောက်လာတော့သွားပေးရတော့မှာပေါ့” ဟု ၄င်းကပြောသည်။

ထို့အပြင် စိုက်ပျိုးရန်အသုံးပြုနေသည့်မျိုးစပါး၊ဓာတ်မြေသြဇာ၊ပိုးသတ်ဆေး၊ပေါင်းသတ်ဆေးနှင့်စက်သုံးဒီဇယ်​ဆီစျေးနှုန်းမြင့်တက်မှုတို့ကြောင့် စပါးထွက်နှုန်းကျဆင်းလာကာအကျိုးအမြတ် လျော့နည်းလာသည့်အတွက် စိုက်ပျိုးရေးစရိတ် အကြွေးပေးချေရန်အခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်း လယ်သမားများထံကသိရသည်။

” မျိုးစပါး၊ စိုက်ပျိုးရေးဆေးတွေမြေသြဇာဖိုးတွေ ဒီဇယ်ဆီစျေးကအစ အကုန်စျေးကြီးနေတာ။ ချေးငွေဆိုတာက လယ်သမားတွေအတွက်မဖြစ်စလောက်လေးပဲရတယ်။ ကိုယ့်ဘာသာချေးငှားပြီး စိုက်နေရတယ်။ စပါးရောင်းရငွေနဲ့အကြွေးပြန်ဆပ်ရတာက မကာမိဘူး။ စားရုံလေးပဲကျန်တယ်။ မပေးဘူးဆိုရင်လည်းလယ်ပါသိမ်း လူပါအမှုဖွင့်မယ်ဆိုတော့ ကိုယ့်လယ်တောင် ကိုယ်မပိုင်တဲ့ဘဝကို ရောက်နေပါပြီ” ဟု ရေကျော်ကြီးကျေးရွာဒေသခံလယ်သမားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကျုံပျော်မြို့နယ်ရှိ ဇီးကုန်း၊ရေကျော်ကြီး၊သရက်ပင်လှ၊နတ်စင်ငူ၊မှန်ကုန်းနှင့် ကုန်းစုစသည့်ကျေးရွာ ခြောက်ရွာမှ ဒေသခံလယ်သမား ၈၀၀ ကျော်ဝန်းကျင်မှာ စိုက်ပျိုးအကြွေးငွေပမာဏကျပ်သိန်း ၄၀၀၀ ကျော် အကြွေးဆပ်ရန်ကျန်ရှိနေကြောင်းမြို့နယ်လယ်ယာစိုက်ပျိုးရေးဘဏ်နှင့်နီးစပ်သည့်သတင်းအရင်းအမြစ်များထံကသိရသည်။

#စိုက်ပျိုးစရိတ် #အကြွေးပေးရန် #ကျန်ရှိသည့်​ #လယ်သမား#လယ်သိမ်း #ထောင်ချမည်ဟု #လယ်စိုက်ဘဏ်မန်နေဂျာခြိမ်းခြောက် #Ayeyarwaddy_Times