ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၅ ရက်

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွတ်ဝီနိုင်းက နေပြည်တော်၌ အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကြောင်းပြောကြားချက်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဖြင့်ဆန့်ကျင်နေကြောင်း ယနေ့ ဇူလိုင် ၁၄ ရက်နေ့တွင် NLDပါတီက သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၁ ရက်နေ့ က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင်ကျင်းပသည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ယင်းကဲ့သို့ပြောကြားသွားခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က NLD ဗဟိုအလုပ်မှု ဆောင်အဖွဲ့များလွတ်လပ်စွာစုံညီအစည်းအဝေးမကျင်းပနိုင်ဘဲ မည်သည့်သဘောထားကိုမှ ချက်မှတ်မည် မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုထားသဖြင့် ယင်းအချက်ဖြင့်ကွဲလွဲနေကြောင်း ထုတ်ပြန်ခြင်းဖြစ်သည်။

ယင်းပြင် ပြည်သူလူထုကိုသာအခြေခံပြီး ပြည်သူလူထု၏ ဆန္ဒသဘောထားကို မည်သည့်အခါမှ ဆန့်ကျင်မည် မဟုတ်ကြောင်း မတရားဖမ်းဆီးခံရစဉ်ကာလ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့်သဘောထားများဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

မြန်မာနိုင်ငံရေးပြသနာများပြေလည်စေရာတွင် အရေးပါလှသော ‌ဒေါ်အောင်ဆန်းစုကြည်‌၏ သဘော ထားများ ပြည်သူများထံလွတ်လပ်စွာတင်ပြနိုင်ရန် အာဆီယံခေါင်းဆောင်များကြိုးစားသင့်ကြောင်းလည်း ပါဝင်သည်။

ထို့ပြင် အာဆီယံခေါင်းဆောင်များအနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်အညီ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်နိုင်ရန် အားစိုက်လုပ်ဆောင်သင့်ကြောင်း NLD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် ၉ ရက်နေ့တွင် နေပြည်တော်အချုပ်ထောင်သို့ရောက်ရှိလာပြီး ‌အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တွေ့ဆုံရန် နှစ်ကြိမ်ကြိုးစားသော်လည်း တွေ့ဆုံရခြင်းမရှိကြောင်း ဧရာဝတီတိုင်းမ်က သတင်းဖော်ပြထားသည်။

#ဒေါ်အောင်ဆန်းစုကြည် #ထိုင်းနိုင်ငံခြားရေးဝန်ကြီး#နေပြည်တော် #ဂျာကာတာ #NLDသဘောထားဆန့်ကျင် #NLDထုတ်ပြန်ချက် #Ayeyarwaddy_Times