ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၄ ရက်

တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအဖြစ်လုပ်ကိုင်လျက်ရှိသည့် Online Shop (အွန်လိုင်း ရှော့) ရောင်းဝယ်ရေးလုပ်ငန်းများ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီက ဇူလိုင် ၄ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ချက်တစ်စောင် ယမန့်နေ့ ဇူလိုင် ၁၃ ရက်နေ့က ထွက်ပေါ် လာသည်။

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးဝန်ဆောင်မှု အဖြစ်သတ်မှတ် ကြေညာပြီး သက်ဆိုင်သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ တားမြစ်မိန့်၊ စည်းမျဉ်း သတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သည့် အမိန့်များကို စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို လုပ်ဆောင်ခွင့် ပေးထားကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အွန်လိုင်းဈေးရောင်းဝယ်ရေး လုပ်ငန်းများကို ကြီးကြပ် မည်ဖြစ်ပြီး မှတ်ပုံတင်ကြေးသတ်မှတ်ကာ မှတ်ပုံတင်ခိုင်းခြင်း၊ တားမြစ်ချက်၊ စည်းမျဉ်းစည်းကမ်းများထုတ်ပြန်ပြီး စနစ်တကျဖြစ်ရန် လုပ်ဆောင် မည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။

“အဲဒီထုတ်ပြန်ချက်က မှန်တယ်ပြောတယ်။ အဲဒါကိုသူတို့ (စီးပွားကူးသန်း)က လုပ်မယ် ပြောတယ်။ အလုပ် လုပ်လို့ရမယ် ဒါပေမယ့်စနစ်တစ်ခုအနေနဲ့သတ်မှတ်မယ်ပေါ့ အွန်လိုင်းရှော့ လုပ်တဲ့သူတွေကို မှတ်ပုံတင် လုပ်ခိုင်းမယ်လို့ပြောတယ်။ စစ်ကောင်စီက စီး/ကူး ဝန်ကြီး တာဝန်ကို တာဝန်ပေးလိုက်တယ်ပေါ့။ အဲဒီကနေ ဆက်လုပ်ရ မယ့်ကိစ္စတွေရှိ တယ်လို့သိရတယ်” ဟု အွန်လိုင်းရှော့ လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းများမှ ငွေကြိုပေးခိုင်ခြင်း၊ လိမ်လည်မှုများ ရှိနေသဖြင့် ယခုလို မှတ်ပုံတင်ခိုင်းပါက တစ်ဖက်တွင် လိမ်လည်မှုများ ပျောက်သွားမည် မဟုတ်သော်လည်း လျော့နည်းသွားနိုင်ကြောင်း အွန်လိုင်းအရောင်းအဝယ်လုပ်သူ တစ်ဦး က ဆိုသည်။

“အဓိကကတော့ သူတို့ငွေရပေါက်ရှာတာပဲ။ ဒါပေမယ့်အကြီးစားရောင်းသူ ဆိုရင်တော့ (မှတ်ပုံတင်) ကြမယ်ထင်တယ်။ မှတ်ပုံတင်ထားရင်ရောင်းလို့တယ်ဆိုတော့ သူတို့ တင်မှာ။ အသေးစား အရောင်းအဝယ်လုပ်တဲ့ သူတွေတော့ တင်မယ်မထင်ဘူး။ ကျွန်မ လည်းမတင်ဘူး” အွန်လိုင်းမှ အလှကုန်ရောင်းချသူတစ်ဦးက ပြောသည်။

လက်ရှိ အွန်လိုင်း လူမှုကွန်ရက် ပလက်ဖောင်းများမှ ဈေးရောင်း ဈေးဝယ်ပြုလုပ်ရာတွင် Facebook ၊ Tiktok အပါအဝင် Instagram တို့မှ စားသောက်ကုန်၊ အဝတ်အထည်၊ အလှကုန် များအပါအဝင် လူသုံးကုန်ပစ္စည်းများ ရောင်းဝယ်လျက်ရှိကြောင်း အွန်လိုင်းရှော့ ဝယ်ယူသူများထံက သိရသည်။

စစ်တပ်အာဏာသိမ်းမှုကြောင့်‌ အလုပ်အကိုင်အခွင့်အလမ်းများ ပျောက်ဆုံးသွားချိန်တွင် လူငယ် အများစုသည် အသေးစား စီးပွားရေးလုပ်ငန်းအဖြစ် Social Media များကို အသုံးပြု၍ ရောင်းဝယ်ရေး လုပ်ငန်းများ ဆောင်ရွက်လာကြသည်။

၂၀၂၀ ပြည့်နှစ်တွင် NLD အစိုးရလက်ထက်တွင် e – Commerce စနစ်ဖြင့် Online Shop များ မိမိဆန္ဒ အလျောက်မှတ်ပုံအခမဲ့တင်နိုင်ရန်၊ ရောင်းသူဝယ်သူများ အငြင်းပွားမှု များဖြစ်ပေါ်ပါက ဥပဒေလမ်း ကြောင်းအရ ဖြေရှင်းနိုင်ရန်ဆောင်ရွက်မှုများ ရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-အင်တာနက်
#onlineshop #မှတ်ပုံတင် #စစ်ကောင်စီတင်းကျပ် #Ayeyarwaddy_Times