ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ ဇူလိုင် ၁၄ ရက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် တပ်စွဲထားသည် စစ်ကောင်စီတပ်ကို ယမန်နေ့ ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)က သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့သည် ကန်ပက်လက်ရှိ စစ်ကောင်စီတပ်ကို နေ့လယ် ၁၂ နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးနောက် အနီးကပ်သွားရောက် တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။
“သူတို့က ဒေသခံတွေကို သေနတ်နဲ့ ပစ်တယ်။ ပြည်သူရဲ့ဆန်တွေကို အတင်းလုတယ်။ မြို့ထဲမှာလည်း လုံခြုံရေးတွေ တင်းကျပ်ထားတယ်။ ဒါကြောင့်ကျွန်နော်တို့ သွားပစ် တယ်။ လက်လုပ်လက်နက်ကြီး၊ Rock Jet ဒုံးတွေနဲ့ သွားပစ်တာပါ။ စခန်းဝိုင်းကို လေးချက် ငါးချက်လောက်ကျတယ်။ ထိခိုက်ဒါဏ်ရာရသူတွေရှိတယ်။ CDFဘက်က တော့ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်တယ်” ဟု CDF-ကန်ပက်လက်၊ တာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် တန်ပြန်ပစ်ခတ်ခဲ့ကြောင်းသိရသည်။
ကန်ပက်လက်မြို့နယ်ဘက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရန် ပြင်ဆင်မှု ကြောင့် စစ်ကြောင်းထိုးလာမည့် လမ်းကြောင်းရှိ ကျေးရွားများမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။
အလားတူ မင်းတပ်မြို့ပေါ် အခြေစိုက် (၂၇၄) တပ်ရင်းအနီးရှိ မြို့အဝင်ဂိတ်တွင် တပ်စွဲထား သော စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က ယမန်နေ့ ဇူလိုင် ၁၃ ရက်နေ့ နံနက် ၁၀ နာရီ၃၀မိနစ်ခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ကန်ပက်လက်မြို့နယ်နှင့် မင်းတပ်မြို့နယ်ဘက်သို့ စစ်ကောင်စီတပ်က ရိက္ခာအင်အား ဖြည့်တင်းလာမှုကြောင့် အချိန်မရွေးတိုက်ပွဲပြင်းထန်လာနိုင်ပြီး ဆောမြို့နယ်၊ လောင်းရှည်မှ ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ချင်းကာကွယ်ရေး တပ်ဖွဲ့(ကန်ပက်လက်)တို့ ယနေ့ ဇူလိုင် ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
ဓာတ်ပုံ -CDF-ကန်ပက်လက်
#ချင်းပြည်နယ် #ကန်ပက်လက်မြို့ #စစ်ကောင်စီတပ် #ချင်းကာကွယ်ရေး တပ်ဖွဲ့(ကန်ပက်လက်) #သွားရောက်တိုက်ခိုက် #Ayeyarwaddy_Times