
ဓာတ်ပုံ - ဟင်္သာတမြို့ KBZ ဘဏ်ခွဲတခု။(Wai Yan)
ကိုကိုလေး/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၆ ရက်
ဧရာဝတီတိုင်း၊ကျောင်းကုန်းမြို့ရှိ ပုဂ္ဂလိကဘဏ်များ ဘဏ်ဝန်ဆောင်မှုပေးရာတွင် လူ ၇ ဦးထက်ပို၍ ဘဏ်အတွင်းသို့ ဝင်ရောက်ခြင်းမပြုရန် စစ်ကောင်စီက ဇူလိုင်လ ၁၂ ရက်နေ့ကစတင်၍ ညွန်ကြားထားကြောင်း ဒေသခံများထံက သိရသည်။
ဘဏ်လုပ်ငန်းဆောင်ရွက်လိုသူများအနေဖြင့် လူ ၇ ဦးကိုတသုတ်ခွဲ၍ ဘဏ်အတွင်းသို့ဝင်ရောက်ရမည်ဖြစ်ပြီး ဘဏ်သို့လာသူများအနေဖြင့်လည်း CCTV အရှေ့တွင်မျက်နှာပြပြီးမှဝင်ရောက်ရမည်ဖြစ်ကာ မလိုက်နာပါက အရေးယူခြင်းများ ပြုလုပ်မည်ဟု ညွှန်ကြားထားကြောင်း သိရသည်။
“ဘဏ်ထဲဝင်မယ်ဆို လူ ၇ ယောက်ထက်ပိုမဝင်ရဘူး။ CCTV အရှေ့မှာအရင်အမျက်နှာပြပြီးမှဘဏ်ထဲဝင်ရမယ်။ ပြီးတော့ လူ ၇ ယောက်ထက်ပေးဝင်လို့ရှိရင်အရေးယူမယ်ဆိုပြီး အထက်ကမှာထားတယ်။လက်ရှိ ဒီအတိုင်းပဲ လည်ပတ်ရမယ်လို့ ပြောတယ်” ဟု ဘဏ်လုံ ခြုံရေးဝန်ထမ်းတဦးက ဧရာဝတီတိုင်မ်းကိုပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်၊မန္တလေးနှင့် မြို့ကြီးအချို့တွင် ဘဏ်ဓားပြတိုက်မှုများ၊ ဗုံးခွဲခံရမှုများ မကြာခဏဆိုသလိုဖြစ်ပွားနေသဖြင့် စစ်ကောင်စီဘက်က ယခုလို ညွန်ကြားခြင်းဖြစ်နိုင်ကြောင်း ကျောင်းကုန်းမြို့ခံတဦးကသုံးသပ်ပြောဆိုသည်။
ဘဏ်ဓားပြတိုက်မှုများတွင် KBZ ဘဏ်ခွဲများအများဆုံးတိုက်ခိုက်ခံနေရပြီး ယမန်နေ့ကပင် မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်က KBZ ဘဏ်ခွဲတခု ဓားပြတိုက်ခံရလို့ ကျပ်သိန်း ၁၈၀၀ ဝန်းကျင်ပါသွားကြောင်း သိရသည်။
လတ်တလောတွင် စစ်ကောင်စီက အဆိုပါ ညွန်ကြားချက်အား ကျောင်းကုန်းမြို့ရှိ ဧရာဝတီဘဏ်၊ ကမ္ဘာ့ရတနာဘဏ် ၊MOB ဘဏ်တို့အားညွှန်ကြားထားကြောင်း သိရသည်။