ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇူလိုင်လ ၁၄ ရက်

တနင်္သာရီ တိုင်း၊မြိတ်ခရိုင်၊ပုလောမြို့နယ်၊လက္ကူးရွာတွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးနေသည့် အမျိုးသား တစ်ဦးကို ဇူလိုင်လ ၁၁ ရက်နေ့က သက်သေခံပစ္စည်းများနှင့်အတူဖမ်းဆီးရမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း (၁) ထံမှသိရသည်။

မူးယစ်ဆေးဝါး သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူမှာ အသက် ၃၈ နှစ်အရွယ် ခန့်ရှိသူ ဦးကျော်အေးဆိုသူဖြစ်ကြောင်းသိရသည်။

“သူက မူးယစ်ဆေးဝါးတွေ ဖြန့်ဖြူးရောင်းချတဲ့နေရာမှာနာမည်ကြီးတဲ့သူပေါ့။သူ့ကို ကျနော်တို့ အရင်ကတည်းက မူးယစ်ဆေးဝါးနဲ့ပတ်သက်တာကိုဆက်မလုပ်ဖို့ သတိ ပေးတားမြစ်ပြောဆိုထားပါတယ်။သူက လိုက်နာမှုမရှိပဲ ဆက်လုပ်နေတယ်။အဲဒါကြောင့်သူ့ရဲ့ နေအိမ် အတွင်းမှာပဲ့ ကျနော်တို့ ရဲဘော်တွေဝင်ရောက် စစ်ဆေးခဲ့တာ မူးယစ်ဆေးဝါးနှင့်အတူ သက်သေခံပစ္စည်းအများအပြားကို ဖမ်းဆီးရမိခဲ့တယ်”ဟု PPDF မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ဖမ်းဆီးမှုတွင်ငွေကျပ် သိန်း ၃၀၀ ကျော်၊ WYဆေးပြား(၆၄၉၃၅)ပြားနှင့် ဆက်စပ်ပစ္စည်းများ ၊ ရွှေဆွဲကြိုးသုံးကုံး၊ ဟန်းချိန်းတစ်ကုံး၊လက်စွပ် သုံးကွင်း၊ ရွှေလက်ကောက် ငါးကွင်း ၊ရွှေနားကပ် သုံးရံတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးရောင်းချသူထံမှ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများနှင့် သက်သေခံပစ္စည်းများကိုပုလောမြို့နယ်(ပအဖ)ထံအပ်နှံ၍ တရားဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်မှုများပြုလုပ်မည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်မြိတ်ခရိုင်တပ်ရင်း (၁)မှ သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ၊ ဦးကျော်အေး ထံ၌ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့်အတူ သက်သေခံပစ္စည်းများ
#မူးယစ်ဆေးဝါး #ရောင်းဝယ်ဖြန့်ဖြူးသူတစ်ဦးကို #သက်သေခံပစ္စည်းများ #PDFကပုလောတွင်ဖမ်းဆီး
#Ayeyarwaddy_Times