နွေမင်းတာန်/ဧရာ၀တီတိုင်းမ်
ဇူလိုင်လ ၁၄ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သည် ယမန်နေ့ ဇူလိုင် ၁၃ ရက်နေ့ ညဦးပိုင်းမှစ၍ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် စီးစံကျေးရွာရှိ လင်မယား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်တပ်သည် ကလေးမြို့ တောင်ပိုင်းသို့ လက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့သောကြောင့် ယမန်နေ့ ည ၉ နာရီခန့်တွင် စီးစံကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး လင်မယားနှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ကလေးငယ်လေးဦး အပါအဝင် ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“မနေ့ည ညဦးပိုင်းလောက်ကတည်းကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ထုနေတာ။ မြောင်းဆုံနဲ့စီးစံဘက်ကို အဓိက ထုနေတာ။ ည ၉ နာရီလောက်မှာ စီးစံရွာက အရပ်သားနေအိမ်ကို လက်နက်ကြီးကျပြီး လင်မယားနှစ်ယောက်လုံး ဗိုက်ပွင့်ပြီး နေရာမှာတင် သေဆုံးသွားတယ်။ သေသွားတဲ့ လင်မယားရဲ့ တနှစ်သား အရွယ်ကလေးလည်း လက်နက်ကြီးကျည်စ ထိထားတယ်။ အခု ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ထားတယ်။ စိုးရိမ်စရာတော့ သိပ်မရှိဘူး” ဟု စီးစံရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကို ကလေးမြို့ အမြောက်တပ်က ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး တစ်နှစ်သားရွယ် ကလေးသုံးဦး ၊ သုံးနှစ်သား ကလေး တစ်ဦး နှင့် သက်လတ်ပိုင်းလူကြီး သုံးယောက် ဒဏ်ရာရရှိခဲ့၍ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး စိုးရိမ်စရာမရှိကြောင်း သိရသည်။

ကလေးမြို့ပေါ်ရှိ စစ်ကောင်စီအမြောက်တပ်သည် ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့ကလည်း လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့၍ ကလေးမြို့ တောင်ဖီလာရပ်ကွက်ရှိ အသက် ၆၀ ကျော် အမျိုးသမီးသေဆုံးပြီး ကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ဓာတ်ပုံ -စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ သေဆုံးခဲ့သော လင်မယား

#ကလေးမြို့ပေါ် #စစ်ကောင်စီအမြောက်တပ် #လက်နက်ကြီး #ရမ်းသန်းပစ်ခတ် #စီးစံကျေးရွာ #လင်မယား ၂ ဦးသေဆုံး #Ayeyarwaddy_Times