ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၃ရက်
စစ်တပ်အာဏာသိမ်းယူထားပြီးနောက်တတိယအကြိမ်ကျင်းပမည့် ၇၆ ကြိမ်မြောက်အာဇာနည်နေ့အခမ်းအနား ကျင်းပရာနေရာကို ဂုဏ်ပြုလာမည့် အများပြည်သူများအနေဖြင့် လက်ကိုင်ဖုန်းအပါအဝင် ပစ္စည်း ၁၀ မျိုး ယူဆောင်ခွင့်မပြုကြောင်း ယနေ့တွင် စစ်ကောင်စီထုတ်ပြန်သည်။
ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့တွင် အာဇာနည်ဗိမ္မာန်၊ အတွင်းဝန်ရုံး( ယခင်ဝန်ကြီးများရုံး) နှင့် ဗိုလ်ချုပ်အောင် ဆန်းပြတိုက်သို့လာရောက်ရာတွင် လက်ကိုင်ဖုန်း၊ လက်ကိုင်အိမ်၊ ကင်မရာ၊ ပန်းခွေ၊ ပန်းစည်း၊ အလံ၊ မီးခြစ်၊ ဗီနိုင်း၊ ပုလင်းဗူး၊ ဘောပင်အပါအဝင် တုတ်အမျိုးမျိုး ယူဆောင်ခွင့်မပြုကြောင်း စစ်ကောင်စီဝါဒဖြန့် ကြေးမုံ သတင်းစာတွင်ပါဝင်သည်။
အာဇာနည်နေ့ကျင်းပနိုင်ရေးအတွက်အတွင်းရုံးဘေးဖက်တွင်ဖွင့်လှစ်ထားသည် လက်ဖက်ရည်ဆိုင်၊ ရိုးရာ စားသောက်ဆိုင်၊ ကြက်ကြော်ဆိုင်များအနေဖြင့် ဇူလိုင် ၁၄ ရက်မှ ၁၉ ရက်နေ့အထိပိတ်ရမည်ဖြစ်ပြီး ဘေးပတ်လည်လမ်းပိုင်းကို ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်နေ့အထိပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
“ အာဇာနည်နေ့ဆိုအရင်တုန်းကတော့ ကလေးတွေကိုလိုက်ပြတယ်။ ကားငှားပြီးတော့သွားကြတာ အတွင်းရုံး၊ ဗိုလ်ချုပ်ပြတိုက်တို့ အခုတော့မသွားတော့ဘူး။ စိတ်ထဲပဲထားတော့မယ်။ အာဇာနည်နေ့ကို အိမ်မှာပဲအလေးပြုလို က်လို့ရတာပဲ။ သူတို့ဘာသာလမ်းပိတ်ပြီးပဲလုပ်လုပ် လုပ်ချင်လိုလုပ်ပါစေ” ဟု နိုင်ငံခြားဘာသာရပ်သင်ကြားသူ ဆရာမတစ်ဦးက ပြောကြားသည်။
ယခုနှစ် အာဇာနည်နေ့၌ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ အတွင်းဝန်ရုံး ( ယခင်ဝန်ကြီးများရုံးဟောင်း) တွင် နိုင်ငံတော် အလံတိုင်တစ်ဝက်လွှင့်ထူးသည့်အခမ်းအနားကို အများပြည်သူများကို ပြသနိုင်ရေးပြင်ဆင်နေပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးရုံး (YCDC) တွင် ဆွမ်းကပ်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါအတွင်းဝန်ရုံးပြတိုက်အတွင်း ဗိုလ်ချုပ်အောင်ဆန်းတို့အစည်းဝေးကျင်းပရာအခန်း၊ ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံခေါင်းဆောင်များ၏ ဓာတ်ပုံများ၊ ကျောက်တိုင်စိုက်ထူထားသည့် အမှတ်တရနေရာများရှိသည်။
အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တွင် အထူးပြပွဲခင်းကျင်းပနိုင် ရန်ပြင်ဆင်နေပြီး ဇူလိုင် ၁၉ ရက် နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်နှင့် နတ်မောက်) တို့ကို ဝင်ကြေးအခမဲ့ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ရှေးဟောင်သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနထံမှ ထုတ်ပြန်ထားသည်။
၂၀၂၂ ခုနှစ် ၇၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပပြီး ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းပါဝင်တက်ရောက်ကာ အာဇာနည်ခေါင်ဆောင်းများ၏ မိသားစုများလည်း လွမ်းသူ့ပန်းခွေချကြောင်း သိရသည်။
စစ်တပ်အာဏာ စတင်သိမ်းထားသည့် ၂၀၂၁ ခုနှစ်တွင် ကျင်းပသည့် အာဇာနည်နေ့မှစတင်ကာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို တက်ရောက်ခွင့်မပြုခဲ့ပေ။
လက်ရှိတွင်အတွင်းဝန်ရုံးဘေးပတ်ပတ်လည်တွင် စစ်ကောင်စီက ဘန်ကာများတည်ဆောက်ကာ လုံခြုံရေးအင်အားတိုးချဲ့ထားကြောင်း ရန်ကုန်မြို့တွင်းနေထိုင်သူ တစ်ဦးက ဆိုသည်။
အတွင်းဝန်ရုံးသည် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီး ၆ ဦးအပါအဝင် အတွင်းဝန်တစ်ဦး၊ ကိုယ်ရံတော်တစ်ဦးလုပ်ကြံခံရသည့်နေရာအဖြစ်လူသိများသော်လည်း မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင်အရေးပါခဲ့သည့်နေရာလည်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်မှ စတင်ကာ အတွင်းဝန်ရုံးကိုအများပြည်သူများဝင်ရောက်လေ့လာနိုင်ရန်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ-လူမှုကွန်ရက်
#အာဇာနည်နေ့ #၇၆ကြိမ်မြောက် #အများပြည်သူဝင်ခွင့်
#တားမြစ်ပစ္စည်း #စစ်ကောင်စီ #Ayeyarwaddy_Times