ဧရာ၀တီတိုင်းမ်
ဇူလိုင်လ ၁၃ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင် ၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီ၏ တပ်အင်အားဖြည့်တင်းနေမှုကြောင့် ဒေသခံများက တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အထက်ပိုင်း ရှင်းလက်ဝအုပ်စု၊ ခုံကျေးရွာအနီးတွင် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် စစ်ကောင်စီတပ်က အင်အားများ ထပ်မံ ဖြည့်တင်းနေခြင်းဖြစ်သည်။
“စစ်တပ်က အင်အားတွေ အများကြီး ထပ်ဖြည့်နေတယ်။ တောင်ယာက ခုမှ စိုက်တာမကြာသေးဘူး။ တိုက်ပွဲတွေ ထပ်ဖြစ်ရင် တောင်ယာထဲ မသွားရဲဘူး။ တိုက်ပွဲတွေပြန်ဖြစ်မှာကို စိုးရိမ်တယ်” ဟု ပလက်၀တွင် တောင်ယာ စပါး စိုက်ပျိုးသည့် ဒေသခံများက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ပလက်ဝနယ်မြေခံ (၂၈၉) တပ်ရင်းနှင့် ရခိုင်ပြည်နယ် အခြေစိုက်တပ်ရင်းတို့က စစ်အင်အား ၇၀၀ ကျော် ဖြင့် ရှင်းလက်ဝရဲစခန်းနဲ့တွဲလျက် စခန်းထိုင်ကာ နေရာအနှံ့ လုံခြုံရေးယူ၍ စစ်ဆေးမှုများ တင်းတင်းကျပ်ကျပ်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ရှင်းလက်ဝအုပ်စုသည် Chinland Defense Force – Paletwa တပ်ရင်း (၂) ထိန်းချုပ်နယ်မြေဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ငါး ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၆ ဦး သေဆုံးခဲ့သည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲများ ထပ်မံဖြစ်ပွားပါက ရွာလုံးကျွတ်မီးရှို့မည်ဟု ရှင်းလက်ဝဒေသခံများအား ခြိမ်းခြောက်ထားကြောင်း သိရသည်။
#ပလက်ဝတွင် #စစ်ကောင်စီတပ်က #အင်အားဖြည့်တင်းနေ၍ #ဒေသခံများစိုးရိမ် #Ayeyarwaddy_Times