ဧရာ၀တီတိုင်းမ်
ဇူလိုင်လ ၁၃ ရက်

စစ်ကောင်စီက ဖမ်းဆီးထားသည့် မြန်မာ့ရိုးရာလက်ဝှေ့ကျော် တူးတူးကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် စစ်ကောင်စီက နှိပ်စက် သတ်ဖြတ်ခဲ့ပြီး အမှန်တကယ်သေဆုံးကြောင်းကို ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့တွင် ရဲစခန်းက ၎င်း၏ မိသားစုထံ ခေါ်ယူအသိပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် မြန်မာ့ရိုးရာလက်ဝှေ့ကျော် တူးတူးကို မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ် ဧပြီလကတည်းက နှိပ်စက်သတ်ဖြတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ယခုတွင်မှ မိသားစုကို ခေါ်ယူအသိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” လေး လပိုင်းကတည်းက တူးတူးဆုံးပြီလို့ သတင်းတွေထွက်လာချိန်မှာ သူ့မိသားစုက သူ့အတွက် အသနားခံစာတင်ဖို့ လိုက်လုပ်နေတာ။ လွန်ခဲ့တဲ့ ၂ ရက်ကတော့ သူ့မိသားစုကိုခေါပြီး ဧပြီလ ၂၆ ရက်နေ့မှာ သေဆုံးသွားတယ်လို့ အသိပေးတယ်။ သူ့အဖေကိုလည်း သေဆုံးတာ သိရှိကြောင်း လက်မှတ်ထိုးခိုင်းတယ်” ဟု မြန်မာ့ ရိုးရာလက်ဝှေ့လောကမှ အမည်မဖော်လိုသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြန်မာ့ရိုးရာ လက်ဝှေ့ကျော် တူးတူးသည် စစ်ကောင်စီအာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ စစ်အာ‌ဏာရှင် ဆန့်ကျင်ရေးများလှုပ်ရှားမှုများတွင် တစိုက်မက်မက် ပါဝင်ခဲ့သူဖြစ်ပြီး စစ်ကောင်စီက နှိပ်စက်သတ်ဖြတ်၍ သေဆုံးချိန်တွင် အသက် (၃၃) နှစ်အရွယ်သာ ရှိသေးကြောင်း သိရသည်။

တူးတူးသည် ရိုးရာလက်ဝှေ့ကစားသမားဘဝဖြင့် ဝိတ်တန်းအလိုက် ရွှေခါးပတ်များ၊ အောင်လံများ ဆွတ်ခူးခဲ့ကာ မွေထိုင်းပြိုင်ပွဲများတွင်လည်း အာရှအဆင့်ရွှေ တံဆိပ်ရရှိခဲ့သူဖြစ်ပြီး အာဏာမသိမ်းမီအချိန်က ပြည်တွင်းရိုးရာလက်ဝှေ့လောက၏ နံပါတ်(၂) ကစားသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။

ဓာတ်ပုံ-မြန်မာ့ရိုးရာလက်ဝှေ့ကျော်တူးတူး
#မြန်မာ့လက်ဝှေ့ကျော်တူးတူး #စစ်ကောင်စီတပ် #ဖမ်းဆီး #၂၀၂၃၂ဧပြီလကုန် #သေဆုံး #မိသားစုကိုအသိပေး #Ayeyarwaddy_Times