ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇူလိုင်လ ၁၃ ရက်

တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်၊ဇဟာရွာအနီး စစ်ကောင်စီတပ်သား ငါးဦးစီးနင်းလိုက်ပါလာသောကားကို Dawei Guerrilla Revolutionary Force- DGRF မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ဇူလိုင်လ ၁၂ ရက် မွန်းလွဲ ၂နာရီ ၄၅ မိနစ်ခန့်အချိန်က ရေး – ထားဝယ်လမ်းပိုင်း ဇဟာရွာအနီးတွင် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

” သတင်း အတိအကျ ရထားလို့ ကျွန်တော်တို့ လမ်းမှာ အသင့်ကြိုစောင့်နေပြီးပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ပစ်ခတ်မှု မှာ အသာစီးယူပြီးပစ်နိုင်ခဲ့တယ်။လက်နက်တော့ စစ်ကူရောက်လာတာမြန်လို့ ဝင်ကောက်ဖို့အချိန်မရလိုက်ဘူး။သူတို့ဖက်ကထိခိုက်ကျဆုံးမှုများတယ်”ဟု DGRF မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်း ပစ်ခတ်မှုဖြစ်စဥ်အတွင်း စစ်ကောင်စီတပ်ဖက် မှ ယာဥ်မောင်းသမား ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကားလမ်းဘေးသို့ထိုးကျသွားကာ တပ်ကြပ် ကျော်ကျော်ဦး နှင့် အရာခံဗိုလ်အပါဝင် သုံးဦးမှာ ပွဲချင်းပီးသေဆုံးသွားပြီး ကျန် နှစ်ဦး မှာ စစ်တပ်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရသည်ဟု ၄င်းက ဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများရောက်လာကြပြီး အနီးရှိ ထန်းရည်ဆိုင်အား မီးရှို့ဖျက်ဆီးခဲ့ကာ ဒေသခံပြည်သူ နှစ်ဦး ကိုလည်း အကြောင်းမဲ့ပစ်သတ်သွားခဲ့ကြောင်း DGRF မှ ထုတ်ပြန်ထားပါသည်။

အဆိုပါပစ်ခတ်မှု ဖြစ်ပွားပြီး လမ်းဘေးထိုးကျသွားသည့် စစ်ကောင်စီတပ်ပိုင်ကားကို ညနေ ၄ နာရီခန့် အချိန်တွင် ကရိန်းဖြင့် လာရောက် ဆွဲယူသွား ကြောင်း သိရသည်။

ဓာတ်ပုံ- Dawei Guerrilla Revolutionary Force- DGRF

#ထားဝယ် #စစ်ကားတစ်စီးပစ်ခတ်ခံရ၍ #စစ်ကောင်စီတပ်သား၃ဦးသေဆုံး #၂ ဦးဒဏ်ရာရ #Ayeyarwaddy_Times