ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၃ ရက်

စစ်ကောင်စီက အာဆီယံအဖွဲ့နဲ့ သဘောတူခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာ မြန်မာ့အရေး ဖြေရှင်း ရာမှာ အခြေခံကျတဲ့ အဖြေရှာမှုအဖြစ် ဆက်ရှိနေမှာဖြစ်ပြီး အဲဒီအစီအစဉ်တွေကို ဖော်ဆောင်ဖို့ အရေးကြီးတယ် ဆိုတာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အလေးထားပြောခဲ့တယ်လို့ သိရပါတယ်။

အာဆီယံအဖွဲ့က မြန်မာ့အရေး အဖြေရှာရာမှာ ဘုံသဘောတူညီချက်က အရေးပါတယ်ဆိုတာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ထပ်လောင်းအတည်ပြုခဲ့တယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါ တယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုအတွင်း စစ်တပ်က ရွေးကောက်ခံ အရပ်သားအစိုးရကိုဖြုတ်ချ ပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ကစဉ့်ကလျားအခြေအနေ ဖြစ်နေခဲ့တာပါ။

စစ်ကောင်စီက အာဆီယံအဖွဲ့နဲ့ ဘုံသဘောတူညီချက် ၅ ရပ် သဘောတူခဲ့ပေမယ့် ဖော်ဆောင်ရာမှာ တိုး တက်မှုမရှိတဲ့အပြင် အပြစ်မဲ့ပြည်သူ ထောင်နဲ့ချီကိုပါ သတ်ဖြတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ တိုးလာတာနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်မိတဲ့အကြောင်း စင် ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ခရစ်ရှနန်က ထုတ်ဖော်ပြောခဲ့ပါတယ်။

“အရပ်သားတွေသေဆုံးတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ပြည်သူပိုင်အဆောက်အအုံတွေကို ဖျက်ဆီးမှု တွေနဲ့ အကြမ်းဖက်မှုအပြုအမူတွေ မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေပါတယ်။ အကြမ်းဖက်မှုတွေ ရပ်စဲဖို့နဲ့ စစ်တပ်က ဘုံသဘောတူညီချက်ကို အမြန်ဆုံး ဖော်ဆောင်ဖို့ ဝန်ကြီး ဗီဗီယန်က တောင်းဆိုပါတယ်” လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်ကို ဖြုတ်ချခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံခွင့်ပြုဖို့ လိုအပ်တာကိုလည်း ဗီဗီယန်က ထောက်ပြခဲ့ပါတယ်။

ဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့၊ လူသားချင်းစာနာမှု အ ကူအညီ ပေးအပ်ခွင့်ပြုဖို့နဲ့ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ အာဆီယံဥက္ကဌ အင်ဒိုနီးရှားနိုင်ငံရဲ့ ကြိုးပမ်းမှုတွေကို စင်ကာပူက ဆက်လက်ထောက်ခံမယ်လို့ သိရပါတယ်။

ဘုံသဘောတူညီချက် ၅ ရပ်ဟာ အရေးကြီးပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းမှုတွေ ကို စင်ကာပူက ဆက်လက်ထောက်ခံမယ်လို့ ဗီဗီယန်ခရစ်ရှနန်က ဇူလိုင်လ ၁၂ ရက်က ဖေ့ဘုတ်လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်စဲပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နိုင်မှသာ ငြိမ်း ချမ်းရေးဖော်ဆောင်မှု တိုးတက်မှုရှိနိုင်မှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ကိုးကား – The Straits Times
Ref; Asean foreign ministers affirm five-point peace plan as basis for dealing with Myanmar

#Ayeyarwaddy_Times