ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၂ ရက်

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့၊ သစ်ဖြူပင်ရွာတွင် ဇူလိုင်လ ၁၁ ရက်နေ့ညနေပိုင်းက ရဲထံ ငွေ ပေးကာပြုလုပ်နေသည့်လောင်းကစားဝိုင်းကိုစစ်တပ်မှအင်အားအလုံးအရင်းဖြင့်ဝင်ဖမ်းခဲ့ကြောင်း သတင်းရရှိသည်။

သစ်ဖြူပင်ကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင်ရွာခံ ၃၀ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ပြီးကစားဝိုင်းငွေကြေးသိန်း ရာချီနှင့်ဆိုင်ကယ် (၂၀)ဦးထက်မနည်းကိုတပ်ပိုင်အဖြစ်သိမ်းဆည်းသွားခဲ့ကြောင်းဒေသခံများထံမှ သိရသည်။

” ရဲကိုဆက်ကြေးပေးထားပြီးတော့ တနေ့လုံးလောင်းကစားဝိုင်းလုပ်တာ။စစ်တပ်ကိုပါမပေးရမလားဆိုပြီးတော့ သေနတ်ဖောက်ပြီးဝင်ချလာတာ။ရွာထဲကိုသူပုန်တွေဝင်စီးသလိုဖြစ်သွားတယ်။ကစားဝိုင်းကသူတွေအကုန်ထွက်ပြေးရတာပေါ့။မိတဲ့သူတွေလည်းမန​ည်းဘူး။အယောက်၃၀ လောက်ကို တခါထဲဖမ်းခေါ်သွားတယ်။ခြံရှင်ဦးဇော်ဦးလည်းပါသွားတယ်။ ရွာအုပ်ချုပ်ရေးမှူးကိုသတင်းမပေးလို့ဆိုပြီးတခါထဲဖမ်းခေါ်သွားတယ်” ဟု မျက်​မြင်တွေ့သူဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

လောင်းကစားဝိုင်းအတွင်းမှ ထွက်ပြေးသွားခဲ့သည့်ဒေသခံတွေကို ​ စစ်ကောင်စီတပ်မှ ယမန်နေ့ညနေ ၆ နာရီဝန်းကျင်၌ ဧည့်စာရင်းစစ်ဆေးကာထပ်မံဖမ်းဆီးရန်ကြိုးပမ်းနေမှုကြောင့်တိမ်းရှောင်နေရကြောင်းဒေသခံများထံမှသိရသည်။

အလားတူ ငရုပ်ကောင်းမြို့၊ သစ်ရောင်းကျေးရွာတွင် ကျေးရွာစာရေးအပါအဝင်ရွာခံ ၄၀ ဦးနီးပါးကိုလောင်းကစားမှုဖြင့်ဇွန်လ၂၂ ရက်မှဇူလိုင်လ ၃ရက်နေ့အထိအချိန် (၁၁)ရက်ကြာဖမ်းဆီးခဲ့ပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့မှတစ်ဦးလျှင်ငွေကျပ် (၃)သိန်းစီတောင်းယူခဲ့ပြီးအာမခံပေးအပ်ကာအမှုပိတ်သိမ်းမှုရှိခဲ့သည်။

#ငါးသိုင်းချောင်းမြို့ #လောင်းကစားကို #စစ်ကောင်စီတပိဝင်စီး #Ayeyarwaddy_Times