ဧရာဝတီတိုင်းမ်
(ယင်းမာပင်)၊ ဇူလိုင်လ ၁၂ ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တောင်ဘက်ခြမ်း၊ ရွှေတောင်ဦးဘုရားအနီးရှိ ရဲတပ်ရင်း(၂၈)ကို ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း B.E.D ငညိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရသည်။
မုံရွာ-ပုသိမ်ကားလမ်းမကြီး အနောက်ဘက် အောင်မိုးရွာအနီးရှိ ရဲတပ်ရင်း(၂၈)သည် ဝမ်ပေါင်ကုမ္ပဏီကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီစခန်းတစ်ခုဖြစ်ပြီး အနောက် မြောက်တိုင်းစစ်ဌာနချုပ်(နမခ-မုံရွာ)မှ လာရောက် တပ်ဆင်ပေးထားသည့် ဟောင်ဝစ်ဇာ (Howitzer) လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်း ဆက်တိုက်ပစ်ခတ်နေသည့် အတွက် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“နမခ ကနေပြီး လာတပ်ထားပေးတဲ့ ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ ကျေးရွာတွေ ထဲကို ညတိုင်းပစ်နေတာ။ အဲ့ဒီလက်နက်ကြီးက ၂၅ မိုင်အကွာလောက်ထိကို ရောက်တယ်။ အဲ့တာကြောင့်ကျွန်တော်တို့ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ခရိုင်က ညွှန်ကြားချက်အတိုင်း အဲ့ဒီတပ်ရင်းကို လက်နက်ကြီးတွေနဲ့ တစ်နာရီကျော်ကျော်သွား ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ နောက်နေ့နံနက်ပိုင်းမှာလဲ လက်နက်ကြီးလေးလုံး ထပ်ပစ်သေးတယ်လို့ သိရတယ်” ဟု B.E.D ငညိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါရဲတပ်ရင်း(၂၈)မှနေ၍ ၁၂၀မမ၊ ၈၁မမ လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်နေ သည့်အတွက် ကောင်းဆင့်ရွာ၊ ဇီးဖြူပင်ရွာ၊ မြေကြက်ဆူရွာ၊ စားတော်ပြင်ရွာ၊ လက်လှုပ်ရွာ၊ ရုံးလေးပင်ရွာ စသည့်ယင်းမာပင်မြို့နယ်အတွင်းရှိ ရွာများမှ ဒေသခံ ထောင်နှင့်ချီ၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
အဆိုပါရဲတပ်ရင်း(၂၈)မှ လုံခြုံရေးယူပေးနေသည့် တရုတ် ဝမ်ပေါင် ကြေးနီ စီမံကိန်းရှိ ဝန်ထမ်းများကို CDM ပြုလုပ်ရန်အကြိမ်ကြိမ်သတိပေးနေသော်လည်း ယခုအခါ ပြန်လည် အလုပ်ဆင်းနေကြောင်း သိရသည့်အတွက် အရေးယူသွားမည် ဖြစ်ကြောင်း လည်း ဓားမဆိုင်းတပ်ရင်းမှ သတိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ယင်းမာပင် #BEDငညို #ရဲတပ်ရင်း၂၈ #ဝမ်ပေါင်ကုမ္ပဏီ #လက်နက်ကြီး #Ayeyarwaddy_Times