နွေမင်းတာန်/ဧရာ၀တီတိုင်းမ်
ဇူလိုင်လ ၁၂ ရက်
စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်နှင့် တာဟန်း ရပ်ကွက်များသို့ ယမန်နေ့ ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းမှစတင်ကာ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် တောင်ဖီလာ ရပ်ကွက်၊ အမှတ် (၁၄) ကျောင်းအနီးသို့ လက်နက်ကြီး ကျည်ဆံ ကျရောက်ပေါက်ကွဲကာ အသက် ၆၀ ကျော် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ကျောင်းသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံကသိရသည်။
“စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ထမင်းချက်နေတဲ့ အမျိုးသမီး သေဆုံးပြီး ကျောင်းသား တစ်ယောက်လည်း ထိခိုက်မှုရှိတယ်။ နောက်ထပ် တာဟန်းရပ်ကွက်၊ စည်ပင်ဈေးနား ကြို့သုံးပင်ရပ်ကွက်ကိုလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတယ်။ စစ်တပ်က ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်နေတာ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
သေဆုံးသူသည် အသက် ၆၃ နှစ်အရွယ် အပျိုကြီးတစ်ဦးဖြစ်ပြီး ထမင်း၊ ဟင်း ချက်ပြုတ်ရန် ပြင်ဆင်နေစဉ် စစ်ကောင်စီ၏ လက်နက်ကြီးကျည်ဆံ ထိမှန်၍ သေဆုံး ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့ ညနေပိုင်းက ကလေးမြို့ ၊ ကြို့သုံးပင်ရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်တွင် မိုင်းပေါက်ကွဲခဲ့ပြီး အမှိုက်ပစ်ရန်ထွက်လာသည့် ကလေး နှစ်ယောက်မိခင် ပွဲချင်းပြီး သေဆုံးကြောင်း ဒေသခံများထံက သိရသည်။
#စစ်ကိုင်းတိုင် #ကလေးမြို့ #စစ်ကောင်စီတပ် #အမြောက်တပ် #လက်နက်ကြီး #ရမ်းသန်းပစ်ခတ် #ထမင်းချက်အမျိုးသမီးသေဆုံး #Ayeyarwaddy_Times